မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် မီးသတ်တပ်ဖွဲ့ဝင်များကို စစ်သားများက ဝိုင်းဝန်းထိုးကြိတ်ခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မြို့နယ်မီးသတ်ဦးစီးမှူးကို စစ်တပ်က အရာရှိတစ်ဦးနှင့် တပ်သား ၃ ဦးက သြဂုတ် ၁၅ ရက်နေ့ ညဦးပိုင်းက ဝိုင်းဝန်းထိုးကြိတ်ပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့ရာ မီးသတ်ဦးစီးမှူးလည်း ရိုက်နှက်ခံရသည်ဟု မီးသတ်တပ်ဖွဲ့ဝင်အချို့က ပြောသည်။
လက္ဘက်ရည်ဆိုင်တွင်ထိုင်နေသည့် မီးသတ်ဦးစီးမှူး နှာခေါင်းစည်း (mask) မတတ်သည့်ကိစ္စကို စစ်ဗိုလ်ကပြောရင်း အချင်းများကြကာ အော်ဟစ်ကြပြီး လူစုခွဲခဲ့ကြပြီးနောက် ဦးစီးမှူးဖြစ်သူ မီးသတ်တပ်ဖွဲ့စခန်းသို့ ပြန်ရောက်ချိန်တွင် စစ်သားများက ဆိုင်ကယ် ၄ စီးနှင့် လိုက်လာပြီး ထိုးကြိတ်ခြင်းဖြစ်သည်။
”သေနတ် သုံး၊ လေးချက်လောက်ဖောက်ပြီး အနားမကပ်နဲ့ သေသွားမယ်ဆိုပြီးပြောတယ်။ ဦးစီးကို ဝိုင်းထိုးတာ မျက်နှာတစ်ခုလုံး ရစရာမရှိဘူး” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
ယခင်က မင်းတုန်းမြို့တွင် အထိုင်စစ်တပ်မရှိဘဲ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်ကစတင်၍ သရက်မြို့ ကပစ ၁၂ က ဗိုလ်မှူးဦးစီး တပ်ခွဲတစ်ခွဲရောက်ရှိလာကာ တပ်စွဲထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
”သေနတ်ကတော့ ညတိုင်းနီးပါးဖောက်တယ်။ ကျနော်တို့မြို့က စစ်တပ်၊ ဗလီ၊ မီဒီယာသမား မရှိတဲ့မြို့ဖြစ်တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးမှ အရပ်သားပြည်သူတင်မကဘဲ နိုင်ငံဝန်ထမ်းအချင်းချင်းဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာများအပေါ် ဗိုလ်ကျစိုးမိုးလွန်းအားကြီးသည်ဟုလည်း မင်းတုန်းမြို့က နိုင်ငံရေးသမားတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။
”သေနတ်က အလုံးစုံပြီးပြည့်စုံတယ် ထင်နေကြတာ” ဟု ၎င်းကပြောသည်။
မင်းတုန်းမြို့သည် သရက်ခရိုင်အတွင်းက မြို့တစ်မြို့ဖြစ်ပြီး အနောက်ရိုးမတောင်ခြေတွင်ရှိသည့် မြို့တစ်မြို့ဖြစ်ကာ တောင်မြောက် တန်းတန်းဖောက်ထားသည့် ပုသိမ်-မုံရွာ ကားလမ်းမကြီး၏ အနောက်ဘက် ၅ မိုင်ခန့်ဝင်ရသည့် မြို့ဖြစ်သည်။
မြို့တွင်းနေထိုင်သူလူဦးရေမှာ ၈ သောင်းနီးပါးရှိသည်။







