ဆီဘောက်ဆာကား ၁၁ စီးကို လုံခြုံယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထီးချိုင့် PDF များနှင့် KIA ပူးတွဲတပ်ဖွဲ့အချို့မှ တင့်ကားဖျက် ပုခုံးထမ်းလောင်ချာ (RPG) ဖြင့် ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုများကြောင်း ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ ည ၁၀ နာရီ မိနစ် ၄၀ ခန့်က ဆီဘောက်ဆာ ၁၁ စီးကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီ၏ကား ၅ စီးအနက် နောက်ဆုံးကားကို ကွင်းကြီးရွာအနီးတွင် မိနစ် ၃၀ ခန့် အနီးကပ်ခြုံခိုတိုက်ခဲ့ရာ ကားတစ်စီးလုံးကို အပိုင်ချေမှုန်းနိုင်ခဲ့သည်ဟု ဆိုသည်။
ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦးက “လူပါပါ မပါပါ နောက်ဆုံးကားကို အပိုင်ပစ်ဖို့ ပြင်ထားကြတာလေ လူပါတော့ ကားတစ်စီးလုံး ခံသွားရတယ် အားလုံး ၂၈ ဦးကျော်မယ် ကားတစီးလုံးဆိုပါတော့ဗျာ“ ဟု ပြောသည်။
သေဆုံး ၂၈ ဦးကို အင်းတော်နယ်ထဲရှိ ဗုဒ္ဓလက်နှင့် ဂျုံးဂျုံးကျရွာတွင် သွားမြုပ်နှံကြောင်း အသက် ၅၄ နှစ်အရွယ် အင်းတော်ဒေသခံတစ်ဦး က ပြောသည်။
ဤပစ်ခတ်မှုက ဒေသခံ PDF များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်များ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းပိုင်းအထိ ဝင်ရောက်လှုပ်ရှားနေသည်ကို ပြသနေသည်။
ယင်းအချက်ကို ဖုံးကွယ်လိုသဖြင့် စစ်ကောင်စီတပ်ဘက်က ဝေးလံသောဒေသများတွင် သွားရောက်မြှုပ်နှံခဲ့ပုံရသည်ဟု အင်းတော်ဒေသခံက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ ကျောက်အိုက်တောင်တွင် စစ်ကားသုံးစီးကို ခြုံခိုတိုက်ခြင်းဖြင့် ထီးချိုင့် PDF က တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။







