မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အရှေ့ရဲစခန်း ရဲဝန်ထမ်းအိမ်ယာအား ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထွဋ်တန်က ထုတ်ပြန်ကြေညာသည်။
ယင်းထုတ်ပြန်စာတွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့၊ ည ၇:၁၅ နာရီအချိန်တွင် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ အရှေ့ရဲစခန်း ရဲဝန်ထမ်းအိမ်ယာအား ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံဖော်ပြထားသည်။
ကျွန်ုပ်တို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အုပ်ချုပ်ရေး အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်ဟု ထိုထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
"မနက်ပိုင်းကတော့ စစ်ကောင်စီကကောင်တွေ လမ်းတွေပိတ်ပြီး ပိုက်စိပ်တိုက်ရှာနေတယ်။ ဒေသခံပြည်သူတွေ အပြင်ဘယ်ထွက်ရဲမလဲ။ အဲ့ဒီကောင်တွေက မထင်ရင်မထင်သလိုလုပ်တာ။ ပြည်သူတွေဘက်က ကာကွယ်ပေးမယ့်ဥပဒေက မရှိတော့ မထွက်ရဲပါဘူးဗျာ" ဟု တောင်တွင်းကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။
တောင်တွင်းကြီးမြို့နယ် ရဲဝန်ထမ်းလိုင်းခန်းအား သြဂုတ်လ ၁၃ ည ၇ နာရီဝန်းကျင်ခန့်က ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ည ၁၁ နာရီခွဲ ဝန်းကျင်တွင် တောင်တွင်ကြီးမြို့ အုန်းတော ၁ ရပ်ကွက်နေ ဆံပင်လုပ်ငန်းလုပ်ကိုင်သူ ကိုစိုင်းစံဟ (ခေါ်) ကိုစိုင်းအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ထိုဖမ်းဆီးခံရသူကို လက်ရှိတွင် မည်သည့်နေရာတွင် ချုပ်နှောင်ဖမ်းဆီးထားသည်ကို မသိရသေးဘူးဟုဆိုသည်။







