ရေးမြို့နယ်အတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရ

ရေးမြို့နယ်အတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရ

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်းရွာသစ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဩဂုတ်လ ၁၃ ရက်နေ့ ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင် နိုင်ထိန်းကို ယမန်နေ့ ည ၇ နာရီခွဲဝန်းကျင်ခန့်က အမည်အသိ လူနှစ်ယောက်တို့က ဆိုင်ကယ်ဖြင့် နေအိမ်တွင် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ည ၇ နာရီခွဲလောက်ဖြစ်မယ် လူနှစ်ယောက်က ဆိုင်ကယ်နဲ့ ၃ ချက် လာပစ်သွားတယ်၊ ပေါင်မှာ တစ်ချက်ထိသွားတယ်၊ ဆေးရုံတင်ထားတာပေါ့” ဟု မော့ကနင်းရွာသစ်မှ ရွာခံတစ်ဦးက ပြောသည်။

ရေး ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF အဖွဲ့က ပစ်ခတ်မှုမှာ သူတို့လက်ချက်ဖြစ်ကြောင်းနှင့် မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင်ကို ပေါင်တွင် ပစ်ခတ်သတိပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ရေးမြိုနယ်တွင် ယခုကဲ့သို့ သေနတ်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ဇွန်လ ၁၄ ရက်နေ့က ရေးမြို့ အောင်မေတ္တာရပ်ကွက် အလက (၂) ကျောင်းရှေ့တွင် ရပ်မိရပ်ဖတစ်ဦး ပစ်သတ်ခံခဲ့ရသလို ဇွန်လ ၂၄ ရက်နေ့ကလည်း ရေးမြို့နယ် ဟံဂံကျေးရွာအနီးတွင် လူတစ်ဦး ပစ်သတ်ခံခဲ့ရသည်။

ထို့အပြင် ဇွန်လ ၂၈ ရက်နေ့ကလည်း ရေးမြို့နယ် နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိသေနတ်သမားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်အတွင်း သေနတ်ဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့်အပြင် စာသင်ကျောင်းများတွင် ဗုံးတွေ့ရှိမှုတွေ့ရှိမှုနှင့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

ထို့အတူ ရေးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း နေအိမ်အချို့တို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိခဲ့သည်။

ရေးမြို့နယ်နည်းတူ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း မြို့နယ်အချို့တို့ရှိ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များအပါအဝင် သေနတ်ဖြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလျှက်ရှိသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...