ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ထဲတွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံရွာသား ၃၀၀ ကျော်ခန့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။
ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်း ၆ နာရီအချိန်ခန့်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့အကြား သီပေါမြို့နယ် နမ့်လန်မြို့၊ ကုန်းကော်ကျေးရွာအုပ်စုထဲတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ သီပေါမြို့က အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်တာက မနေ့ကပါ၊ မနေ့ကဖြစ်တာပါ။ အတည်ပြုလို့ရပါတယ်။ ပစ်ခတ်သံတွေကြားတယ်။ တိုက်ပွဲဖြစ်တာ သေချာပါတယ်။ ခက်တာကလေ အဲ့ဒီဘက်က သွားရလာရတာ နည်းနည်းခက်တယ်။ စစ်ရှောင်တွေ ပြေးရတာတော့ရှိတယ်။ ဘယ်လောက်လဲဆိုတော့ အတိအကျမသိရသေးဘူး။ ကိုဗစ်နဲ့ ဘာနဲ့ဆိုတော့ အပြင်ထွက်ဖို့လည်း ခက်တယ်လေနော်။ အခုဖြစ်တဲ့နေရာဘက်က မဟာမိတ်အဖွဲ့တွေရှိတယ်။ နောက်ပြီး RCSS လည်းရှိတယ်” ဟု ၎င်းကပြောသည်။
နမ့်လန်မြို့က ဒေသခံတစ်ဦးက တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ “ကျနော်တို့သိတာကတော့ ရှမ်းနှစ်ဖွဲ့ဖြစ်တာလို့ သိရတယ်။ မနေ့ကပဲဖြစ်တာမဟုတ်ဘူး။ ဒီမှာက အခုရက်ပိုင်း ဆက်တိုက်ပစ်နေကြတာ။ နှစ်ရက် သုံးရက်တောင် မကတော့ဘူးပဲ။ ကျနော်တို့ ရှမ်းအချင်းချင်းဖြစ်နေတာ။ သိပ်မပြောချင်ပါဘူးဗျာ။ ဝမ်းစိမ်းမဟုတ်ဘူး ကုန်းကော်ကျေးရွာအုပ်စု၊ အဲ့ဘက်ကို မန်ကျောင်းနီလို့ခေါ်တယ်။ ကုန်းကော်ကျေးရွာအုပ်စု၊ လွယ်လုံရွာနားဘက်မှာ ဖြစ်တာ” ဟု ပြောသည်။
ကုန်းကျော်ကျေးရွာအုပ်စုထဲက သက်ကြီးရွယ်အိုများ၊ လသားအရွယ်ကလေးငယ်များအပြင် အမျိုးသမီးများ စုစုပေါင်း ရွာသား ၃၀၀ ကျော်ခန့် က ၎င်းတို့နေထိုင်သည့် ကျေးရွာများအနီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာသည့်အတွက် ကုန်းကျော် ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။
COVID-19 ကပ်ရောဂါ ကူးစက်မှုများကြောင့် ကန့်သတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအပြင် မြေပြင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ယနေနေ့အချိန်ထိ တည်ငြိမ်မှုမရှိသေးသည့်အတွက် စစ်ရှောင်များကို သွားရောက်ကူညီရန် လမ်းကြောင်းတွင် အခက်အခဲများရှိနေသည်ဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။
“အဲ့ဘက်က သွားရလာရတာ အရမ်းခက်တယ်။ အခုက ကိုဗစ်ကန့်သတ်မှုကြောင့်လည်းပါတယ် သူတို့ဆီ သွားလို့မရတာက။ နောက်ပြီး တိုက်ပွဲကလည်း ဖြစ်နေသေးတော့ အဲ့ဒီဘက်ကလမ်းကြောင်းက သွားလို့မရဘူး။ လမ်းကြောင်းလည်း နည်းနည်းခက်တယ် အဲ့ဒီဘက်က။ သူက လမ်းဆုံးဖြစ်နေတာလေ။ လမ်းဆုံးဖြစ်နေတယ်ဆိုတာက ဟိုဘက်က ချောင်းရှိတယ်။ ချောင်းလည်း မဆိုသလောက်လေးကြီးတယ်၊ အဲ့တော့ ကူးဖို့လည်း မဖြစ်နိုင်ဘူး။ အပိတ်ဖြစ်နေတာ။ သွားဖို့လည်း မလွယ်ဘူး။ ကိုဗစ်ကြောင့်လည်း ပါတာပေါ့ဗျာ။ ဒီမှာက Stay at Home ကြေညာထားတာ။ ဘယ်သူမှ မသွားလာရဲကြဘူး”
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြားက အဆိုပါတိုက်ပွဲကြောင့် ကုန်းကျော်ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးတိမ်းရှောင်နေကြသည့် ဒေသခံ ရွာသား ၃၀၀ ကျော်၏ စားဝတ်နေရေးအတွက် ရွာသားအချင်းချင်းကပဲ ကူညီပေးနေကြရသည်ဟု ဆိုသည်။
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား ယနေ့အချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် နေရပ်ပြန်ရေး မဖြစ်နိုင်သေးသည့်အပြင် စစ်ရှောင်များထဲတွင် သက်ကြီးရွယ်အိုများနှင့် လသားအရွယ် ကလေးငယ်များလည်း ပါလာသည့်အတွက် လက်ရှိတွင် နေထိုင်စားသောက်ရေးအတွက် အခက်အခဲများရှိနေသည်ဟု ဒေသခံများက ပြောသည်။







