မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်များတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပြည်သူအများ အပြင်ထွက်သွားလာခြင်း မပြုလုပ်ရန် အာဏာသိမ်းစစ်ကောင်စီ၏ ဒေသန္တရအမိန့်ကြောင့် အခြေခံလူတန်းစားများနှင့် ဈေးသည်များ အဆင်မပြေဖြစ်နေရသည်ဟု ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်များထဲတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များသည် ဩဂုတ်လ ၁၁ ရက်နေ့က မကွေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း Stay at Home သတ်မှတ်ထားစဉ်ကာလတွင် မလိုအပ်ပဲ နေအိမ်ပြင်ပ သွားလာမှုမရှိစေရေး ကြပ်မတ်စစ်ဆေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ဒေသခံပြည်သူများ သွားလာ၍ စစ်ဆေးတွေ့ရှိပါက စစ်ကောင်စီအနေဖြင့် ဖမ်းဆီးခြင်း၊ ဒဏ်ငွေ နှစ်သိန်းနှင့် ထောင်ခုနှစ်ရက်အထိ ချနေကြောင်း စုံစမ်းသိရှိရသည်။
"ဖမ်းခံထိရင် နှစ်သိန်းတဲ့ဗျ။ ပြေးရင်တော့ ပစ်မှာတဲ့။ ဒီနေ့ သိင်္ဂါနဲ့ ဗိုလ်ချုပ်လမ်းထောင့်၊ အထက ၁ လမ်းနဲ့ သစ္စာ လမ်းထောင့်မှာ ဖမ်းနေပါတယ် ကျနော်တို့ ဆိုင်ကယ်နဲ့ ဈေးရောင်း ဈေးဝယ်လုပ်နေကြရတဲ့ ဈေးသည်တွေ အဆင်မပြေကြတော့ဘူး။ လက်လုပ်လက်စားတွေဆို ပိုဆိုးရော" ဟု ဆိုင်ကယ်ဈေးသည် အမျိုးသားတစ်ဦးက ပြောသည်။
ယင်းအမိန့်ကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များအသီးသီးသို့ ခရီးသွားရန် အခက်အခဲဖြစ်ရခြင်း၊ အခြေခံလူတန်းစားများ အလုပ်အကိုင်သွားလာရန် အခက်အခဲဖြစ်ရခြင်း၊ ဝင်ငွေမရှိ၍ စားဝတ်နေရေး အခက်အခဲဖြစ်ရခြင်း၊ ကျန်းမာရေးအတွက် ဆေးဝယ်ရန်လည်း ခက်ခဲလာသည်ဟု ပြောသည်။
ထို့အပြင် အောက်စီဂျင် သယ်ယူပို့ဆောင်ရန်၊ လူနာအသယ်အပို့ ပြုလုပ်ရန်ကအစ အခက်အခဲဖြစ်နေရကြောင်း ဒေသခံများက ပြောသည်။
"မနေ့ကဆိုရင် ကားငှါးလို့ ပွင့်ဖြူဘက်ပါသွားတယ်။ သွားတာတော့ မနက်ခြောက်နာရီလောက်ပေါ့။ ဟိုရောက်ပြီး ပစ္စည်းပစ္စယတွေချပြီး ပြန်မယ်လုပ်တော့ ဆယ်နာရီကထိုးလို့ မကွေးကိုပြန်မရ။ ပွင့်ဖြူမှာ ငါးနာရီထိုးအောင် စောင့်ရတယ်။ တခြားအလုပ် မလုပ်ရသလို မိသားစုကလည်း စိတ်ပူရတာပေါ့။ ဘယ်အဆင်ပြေမလဲ" ဟု ကားဆရာတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်ရန်အတွက်ဆိုကာ နံနက် ၄ နာရီကနေ နံနက် ၁၀ နာရီအထိနှင့် ညနေ ၅ နာရီမှ ည ၁၀ နာရီအထိ မိသားစုတစ်စုလျှင် တစ်ဦးသာ ဈေးဝယ်ကဒ်ဖြင့် ဈေးထွက်ဝယ်သွားလာရသည်။
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မကွေးမြို့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် Stay at Home သတ်မှတ်ထားစဉ်ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ပဲ နေအိမ်ပြင်ပ သွားလာမှုမရှိစေရေးအတွက်ဟုဆိုကာ လမ်းမများပေါ်တွင် စစ်ဆေးကြပ်မတ်မှုများ လုပ်ဆောင်နေသည်ဟု မကွေးမြို့ခံများက ပြောသည်။
မကွေးမြို့အတွင်းရှိ ဗိုလ်ချုပ်လမ်း-နတ်မောက်လမ်းဆုံတွင်လည်းကောင်း၊ ပြည်တော်သာလမ်း-သစ္စာလမ်းဆုံတွင်လည်းကောင်း၊ တောင်တွင်းလမ်းနှင့် မြို့ပတ်လမ်းဆုံတို့တွင်လည်းကောင်း၊ နတ်မောက်လမ်းနှင့် မြို့ပတ်လမ်းဆုံတွင်လည်းကောင်း စစ်ဆေးကြပ်မတ်နေသည်ဟု မြို့ခံများက ပြောသည်။







