ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘူးဂါးလျှပ်စစ်ရုံးအတွင်းက ဝန်ထမ်းခြောက်ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့လိုက်ပြီဖြစ်သည်ဟု လျှပ်စစ်ရုံးတာဝန်ရှိသူက ပြောသည်။
ဩဂုတ်လ ၉ ရက်နေ့ ည ၁၂ နာရီခန့်က အာဏာသိမ်းစစ်ကောင်စီတပ်များက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာရှိ ဘူးဂါးလျှပ်စစ်ရုံးအတွင်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ဘူးဂါးလျှပ်စစ်ရုံးတာဝန်ရှိသူတစ်ဦးက “ဟုတ်ပါတယ်၊ မနေ့ညက လာပြီးဖမ်းသွားတာပါ။ ဖမ်းသွားတာ ရုံးကလူ ၆ ယောက်ပါ။ သူတို့ရဲ့ ဖုန်းတွေကိုစစ်ပြီး ခေါ်သွားတာပါ။ ဘာလို့ဖမ်းတယ်ဆိုတာတော့ ဘာမှပြောမသွားပါဘူး။ အစကတော့ ဝိုင်းမော်ရဲစခန်းမှာထားတယ်။ အခုတော့ မပခကို ပို့လိုက်ပြီလို့ပြောတယ်။ အသေးစိတ်တော့ မသိသေးဘူး” ဟု ပြောသည်။
မဒိန်ကျေးရွာအုပ်စု၊ ခကွန်ရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ်ရုံးဝန်းအတွင်း ဩဂုတ်လ ၉ ရက်နေ့ညက စစ်ကောင်စီတပ်များက အင်အားလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ဧည့်စာရင်းများ စစ်ခြင်း၊ ဝန်ထမ်းများ၏ ဖုန်းများကို စစ်ခြင်းများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။
“လာဖမ်းတာတော့ ရဲလည်း နှစ်ယောက် သုံးယောက်ပါတယ်။ နောက်ပြီး စစ်သားတွေပါတယ်။ စစ်သားတွေကတော့ ၁၀ ယောက်၊ ၁၅ ယောက်လောက်ရှိမယ်ထင်တယ်။ အဲ့ဒါ လာဝင်စစ်ပြီးတော့ ရုံးက ကလေးတွေကို ခေါ်သွားတာပါ။ အားလုံးကို ခေါ်သွားတာတော့ မဟုတ်ဘူး။ ရုံးမှာ အားလုံး ၁၃ ယောက်ရှိတဲ့အထဲကနေ ၆ ယောက်ကို ခေါ်သွားတာပါ။”
ဖမ်းဆီးခံထားရသည့် လျှပ်စစ်ရုံးမှ ဝန်ထမ်း ၆ ဦးမှာ ကိုတိန့်ဇုန်း၊ ကိုဆင်ဝါးတူး၊ ကိုသန့်ဇင်မျိုး၊ ကိုခိုင်မျိုးသူ၊ ကိုရန်နိုင်လင်းနှင့် လုပ်အားပေး လုပ်ကိုင်နေသူ ကိုဆိုင်းဂူတို့ဖြစ်သည်ဟု ပြောသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့ မဒိန်ကျေးရွာအုပ်စု ခကွန်ရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ်ရုံးမှ ဝန်ထမ်းခြောက်ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဘူးဂါးလျှပ်စစ်ရုံးတာဝန်ရှိသူများက ၎င်းတို့ ၆ ဦး လွှတ်မြောက်ရေး လိုက်လံဆောင်ရွက်လျှက်ရှိသည်ဟု ဆိုသည်။
ဝိုင်းမော်ရဲစခန်းတာဝန်ရှိသူများက လက်ရှိတွင် ၎င်းတို့ ၆ ဦး အား စစ်ဆေးမေးမြန်းစရာများရှိသည့်အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ အပြစ်မရှိပါက ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ပြောသည်ဟု ဆိုသည်။
မည်သည့်ကိစ္စရပ်များကြောင့် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမှုများပြုလုပ်နေသည်ကို မသိရသေးကြောင်း၊ ဖမ်းဆီးခံထားရသူ ၆ ဦးမှာ ဘူးဂါးလျှပ်စစ်ရုံးအတွင်းမှ ဝန်ထမ်းများသာဖြစ်သည်ဟု လျှပ်စစ်ရုံးတာဝန်ရှိသူက ပြောသည်။
ယခုရက်ပိုင်းအတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများထဲသို့ စစ်ကောင်စီ၏ တပ်ရင်းတစ်ရင်းဖြစ်သည့် ခလရ ၅၈ တပ်ရင်းမှ တိုက်ပွဲများ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာများထဲသို့ ညအချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာများထဲ လှည့်လည်သွားလာခြင်းများနှင့် စစ်ဆေးခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
ထိုသို့သော ပစ်ခတ်မှုများ၊ စစ်ဆေးမှုများ ရက်သတ္တပတ် တစ်ပတ်ခန့် ပြုလုပ်ပြီးနောက် အဆိုပါ ဘူးဂါးလျှပ်စစ်ရုံးမှာ ဝန်ထမ်း ၆ ဦးကို ဩဂုတ်လ ၉ ရက်နေ့ညက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ဘူးဂါးကုမ္ပဏီမှာ နှစ်ပေါင်းများစွာ မြစ်ကြီးနားမြို့အား လျှပ်စစ်ဓါတ်အားပေးနေသည့် ကုမ္ပဏီဖြစ်သည်။







