မကွေးတိုင်းအတွင်း ထွန်တုံးပိတ်ချိန်ထိ စိုက်ပျိုးစားရိတ်ချေးငွေများ မရသေး

မကွေးတိုင်းအတွင်း ထွန်တုံးပိတ်ချိန်ထိ စိုက်ပျိုးစားရိတ်ချေးငွေများ မရသေး

စိုက်ပျိုးစရိတ်ချေးငွေများကို ရာနှုန်းပြည့်နီးပါး အကြေဆပ်ခဲ့ကြသော်လည်း ယခုနှစ်မိုးစပါးအတွက် အမတော်ကြေး (ခေါ်) စိုက်ပျိုးစရိတ် ချေးငွေများကို လက်ရှိ ထွန်တုံးပိတ်သိမ်းချိန်အထိ မရရှိသေးကြောင်း မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့အတွင်းရှိ တောင်သူများက ပြောသည်။

အမတော်ကြေးဆပ်ရမည့်အချိန်က NUG အစိုးရက တစ်နှစ်နောက်ဆုတ်ပေးမည်ဟု ပြောဆိုထားသည့်အတွက် မဆပ်ကြဘဲ နေခဲ့ကြသည်။

ထိုသို့ မဆပ်ပဲနေခဲ့ရာမှ စိုက်ပျိုးရေးဘဏ်၏ အရင်နှစ်ချေးငွေများကို မဆပ်ပါက ယခုနှစ်ချေးငွေများကို တောင်သူများအနေဖြင့် ရရှိမည် မဟုတ်ကြောင်း စစ်ကောင်စီမှ ပြောဆိုလာသည့်အတွက် ချေးငွေများကို တောင်သူများ အားလုံးနီးပါးက ဆပ်ခဲ့ကြသည်ဟု ဒေသခံ တောင်သူတစ်ဦးက ပြောသည်။

”မဆပ်ရင်မချေးဘူးဆိုတော့ ကိုယ့်အတွက်နဲ့ သူများအခက်ကြုံမှာစိုးလို့ ဆပ်လိုက်တယ်။ ခံယူချက်မတူသူတွေအတွက်လည်း ကြည့်ပေးတာပါ။”

အဆိုပါ ချေးငွေကိစ္စများနှင့် ပတ်သက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မင်းတုန်းဘဏ်ခွဲ မန်နေဂျာကို အကြောင်းစုံသိရှိရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယခင်က နှစ်စဉ်နှစ်တိုင်း ဇွန်လတွင် လယ်တစ်ဧကကို တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးပြီး စပါးသစ်ပေါ်ချိန် ဖေဖော်ဝါရီလတွင် အတိုးအဖြစ် တစ်ရာကို ၄၆ ပြားနှုန်းဖြင့် ပြန်ဆပ်ရကြောင်း လယ်သမားများက ပြောသည်။

တောင်သူများအနေဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကထဲက ရှိခဲ့သည့် ထိုအမတော်ကြေးကို မဆပ်လျှင် နေပူလှမ်းခံရခြင်း ပြစ်ဒဏ်မျိုးများကို ယခင်ကပေးခဲ့သည့်အတွက် ယခုအချိန်အထိ ကြောက်လန့်ကာ ချေးသမျှ ပြန်ဆပ်ကြသည်ဟု တောင်သူများက ပြောသည်။

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က COVID-19 ကြောင့် လယ်သမားများ ဆင်းရဲကြပ်တည်းမည်ဟုဆိုကာ ငါးသောင်းထပ်မံဖြည့်စွက် ချေးပေးခဲ့ဘူးသည်ဟု ဆိုသည်။

”ယာစာရင်းထဲပါတဲ့ ကိုင်းသီးနှံအတွက် တဧက ၂ သောင်း တချို့က ကိုင်းစပါးစိုက်လို့ရတော့ စပါးစိုက်ပြီး စပါးလိုဘဲငွေယူကြတယ်” ဟု တောင်မြင့်ကျေးရွာက တောင်သူတစ်ဦးက ပြောသည်။

သရက်အုပ်ကွင်းမှ စပါးစိုက်တောင်သူ အမျိုးသမီးတစ်ဦးကလည်း ”စိုက်ပျိုးစရိတ်တွေကတက် အစစအရာရာ ၃ ဆလောက်ဈေးတက် မိုးကခေါင် ရွာတော့ရေမြုပ် အခု ဆေးဖျန်းဘို့လိုနေပြီ” ဟု ပြောသည်။

မင်းတုန်းမြို့နယ်တွင် ယခုနှစ်အတွင်း မိုးဦးခေါင်သည့်အတွက် တိုက်ရိုက် အစေ့ချကြဲခင်းစနစ်ကို စိုက်ကြသည်မှာ များသည်ဟု သိရသည်။

မြေသြဇာနှင့် စိုက်ပျိုးရေးသုံး ဆေးများ ဈေးနှုးမြင့်မားမှုကြောင့် တောင်သူလယ်သမားတိုင်း ကြပ်တည်းနေသည့်အတွက် ချေးငွေရလိုရငြား မျှော်လင့်နေကြသည်ဟု တောင်သူများက ဆိုသည်။

မင်းတုန်းမြို့နယ်တွင် အသားတင် စိုက်ပျိုးမြေ ဧရိယာစုစုပေါင်း ၃၄၇၁၆ (က)၊ လယ်မြေဧရိယာ ၁၇၉၇၄ (ခ)၊ ယာမြေဧရိယာ ၆၃၄၄ ရှိပြီး ဆန်စပါးအထွက်နှုန်းမှာ ဒေသအတွက် ဖူလုံသည်ဟု ဒေသခံတောင်သူများက ပြောသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...