ပုလောတွင် သတင်းပေးဟု ကျော်ဇောသူတစ်ဦး ပစ်သတ်ခံရ

ပုလောတွင် သတင်းပေးဟု ကျော်ဇောသူတစ်ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် အမည်မသိလူတစ်စုမှ လာရောက်ပစ်ခတ်မှုကြောင့် ပြည်သူစစ်သတင်းပေးတစ်ဦး သေဆုံးခဲ့သည်။

ပုလောမြို့နယ် နန်းတောင်ကျေးရွာအုပ်စု၊ ပိန္နဲတောင်ကျေးရွာတွင်နေထိုင်ပြီး သေဆုံးသူနဲ့ ရင်းနှီးသူတစ်ဦးက သေဆုံးသူမှာ ရပ်ရွာထဲတွင် သတင်းပေးအဖြစ် ကျော်ဇောသူဖြစ်ကြောင်း ပြောသည်။

“သူက ရွာထဲက ပြည်သူ့စစ်တွေနဲ့လည်း ရောနှောနေတာ နာမည်ထွက်နေတာကြာပြီ။ PDF တွေရဲ့ အကြောင်းတွေ ပြည်သူ့စစ်တွေဆီ သတင်းပေးနေလို့ အသတ်ခံရတာလည်းဖြစ်မယ်၊ အနားမှာရှိတဲ့ သူ့မိန်းမနဲ့ ကလေး ၂ ယောက်ကိုတော့ ဘာမှမလုပ်ပဲနဲ့ သူ့ကိုပဲ အဓိကထားပြီး လုပ်သွားတာကိုး” ဟု ပြောသည်။

အမည်မသိလူတစ်စုက သြဂုတ်လ ၆ ရက် ညပိုင်းက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ အသက် ၄၁ နှစ်အရွယ် ဦးသန်းလှဆိုသူဖြစ်ပြီး ည ၁၁ နာရီအချိန်ခန့်က အမည်မသိလူတစ်စုမှ ၎င်းနေထိုင်သည့် နေအိမ်ပေါ်တက်လာကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ပိန္နဲတောင်ရွာသားတစ်ဦးက ပြောသည်။

“လူတစ်စုက သစ္စာဖောက်တို့သွေးနှင့် ခြေဆေးမယ်လို့ အေါ်ဟစ်ပြောဆိုပြီး ဦးသန်းလှတို့အိမ်ပေါ် တက်သွားတာ။ ည ၁၁ နာရီခွဲလောက်တော့ ရှိနေပြီ၊ ခဏအကြာမှာ သေနတ်သံလဲ တစ်ချက်ကြားလိုက်တယ်။ ညကလည်းနက်၊ မိုးမှောင်လဲကျနေတော့ ဘာမှ သဲသဲကွဲကွဲမမြင်ရဘူး၊ ကြောက်လို့ အိမ်ထဲမှာပဲပုန်းနေရတယ်။”

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လာရောက်ပစ်ခတ်သူများက မဆိုင်သူများ ထွက်မလာကြရန်နှင့် သစ္စာဖောက်အား လာရောက်ရှင်းလင်းသုတ်သင်ရခြင်းဖြစ်ကြောင်း ပြောဆိုကာ ပြန်လည်ထွက်ခွာသွားကြသည်ဟု ပိန္နဲတောင် ရွာသားများက ပြောသည်။

သေဆုံးသူ ရုပ်အလောင်းကို သြဂုတ်လ ၇ ရက်နံနက်အစောပိုင်းမှာ ပုလောမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့တာဝန်ရှိသူများက လာရောက်သယ်ဆောင်သွားပြီး မိသားစုနှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

လူသေမှု အခင်းဖြစ်စဥ်နှင့်ပတ်သက်၍ ပုလောမြို့မရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူများသည် မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းစစ်ဆေးလျက်ရှိနေသည်ဟု ဆိုသည်။

ထို့အပြင် ယခုဖြစ်စဉ်အား ကနဦးတွင် တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ လူသတ်မှုတို့ဖြင့် အမှုဖွင့်နိုင်ရန် စီစဥ်ဆောင်ရွက်နေဆဲဖြစ်သည်ဟု ပြောသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...