တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှ ဦးစည်သူထွန်း၏ ဖခင်မှာ ဇူလိုင်လအတွင်း COVID-19 ရောဂါ ဖြစ်ပွားခဲ့ပြီး အောက်ဆီဂျင်ရှာမရပဲ သေဆုံးခဲ့ရသည်။
“ကျနော် ဒီအလုပ် စပြီးလုပ်ဖြစ်တာက ဇူလိုင် ၁၁ ရက်နေ့က စခဲ့တာပါ။ အဲဒီနေ့ ရန်ကုန်မှာ ကျနော့်အဖေက အောက်ဆီဂျင်ရှာရင်း အသက်ဆုံးသွားခဲ့ပါတယ်။”
ဖခင်ဖြစ်သူ အောက်ဆီဂျင်ရှာမရပဲ သေဆုံးခဲ့သည့်အချိန်မှစ ဦးစည်သူထွန်းသည် အောက်ဆီဂျင်အိုးများ ရအောင်ရှာကာ ရပ်ရွာအတွင်း အောက်ဆီဂျင်လိုအပ်သူများအတွက် ငှားရမ်းပေးလျက်ရှိသည်။
ထို့ကြောင့် ဒေသအတွင်း COVID-19 ရောဂါပိုး ကူးဆက်ခံရပြီး အရေးပေါ် အောက်ဆီဂျင်လိုအပ်နေသူများအတွက် အောက်စီဂျင်အိုးငှားလိုပါက အခကြေးငွေပေးစရာမလိုပဲ ငှားရမ်းရရှိနိုင်သည်။
မြိတ်မြို့၊ ခယူတောရပ်ကွက် တောင်ပေါ် (၃) လမ်း၊ အိမ်အမှတ် (၉) နေ ဦးစည်သူထွန်းမှ တပိုင်တနိုင် ငှားရမ်းပေးနေခြင်းဖြစ်ကာ အောက်ဆီဂျင်အိုး ငှားရမ်းရာတွင် နိုင်ငံသားစီစစ်ရေးကတ်ပြားပေး၍ ငှားနိုင်ပြီး အောက်ဆီဂျင်တစ်အိုးလျှင် အချိန်တစ်ပတ် - ၇ ရက်အထိ ငှားခွင့်ပြုပေးလျက်ရှိသည်။
“ငှားသွားတဲ့လူနာက ထပ်ရှူဖို့ လိုအပ်နေသေးတယ်ဆိုရင် ပြန်ပီး ဆက်လက်ငှားရမ်းပေးပါတယ်။ ဒါကြောင့် ရပ်ရွာတွေမှာ အောက်ဆီဂျင်ကြောင့် အဖေ့လို အသက်မဆုံးရှုံးရလေအောင် ရည်ရွယ်ပြီး တပိုင်တနိုင် အငှားလုပ်ငန်းလေး စခဲ့တာပါ” ဟု အောက်စီဂျင်အိုး ငှားပေးနေသူ ဦးစည်သူထွန်းက ရှင်းပြသည်။
လုပ်ငန်းစတင်ခဲ့စဉ်က ၄၀ လီတာ နှစ်အိုးသာရှိခဲ့ပြီး လက်ရှိတွင် ၄၀ လီတာ ၁၀ အိုး နှင့် ၁၅ လီတာ ၁ အိုးရှိပြီဟု ပြောသည်။
မီးပလပ်ထိုးကာ အသုံးပြုရသည့် ၁၀ လီတာထွက် အောက်ဆီဂျင်စက်သေး တစ်လုံးလည်း မကြာမှီရက်ပိုင်းတွင် ထပ်မံရောက်ရှိလာမည်ဖြစ်ကာ နောက်ထပ်လည်း အောက်ဆီဂျင်ထုတ်စက်အသေးများကို ဦးစားပေးကာ ဝယ်ယူပြီး ငှားပေးနိုင်ရေး လုပ်ဆောင်နေသည်ဟု ဦးစည်သူထွန်းက ပြောသည်။
“အားလုံးကျန်းမာအောင် နေထိုင်ကြပါလို့ ပြောချင်ပါတယ်၊ ကိုဗစ်-၁၉ ကပ်ရောဂါကြီး ကင်းရှင်းပြီး အားလုံး ကျန်းမာသွားတဲ့အချိန်ကြရင် အခု ကျနော်ပိုင်ဆိုင်တဲ့ အောက်ဆီဂျင်အိုးတွေနဲ့ ဆက်စပ်ပစ္စည်းအားလုံးကို အသင်းအဖွဲ့တစ်ခုခုကို အကုန်လုံး ပြန်လှူဒါန်းသွားမှာပါ” ဟု ဦးစည်သူထွန်းက ပြောသည်။
အောက်စီဂျင်အိုးငှားပေးရာတွင် အိုးအတွင်းလိုအပ်သည့် အောက်ဆီဂျင်၊ ဖလိုမီတာတို့အပြင် အသက်ရှူပိုက် စသည့် ကိရိယာများလည်း တစ်ပါတည်း ထည့်ပေးသည်ဟု ပြောသည်။
အောက်ဆီဂျင်အိုးလိုအပ်ပါက ၂၄ နာရီပတ်လုံး အကူအညီရယူနိုင်သော်လည်း ညမထွက်ရအချိန်တွင် အရေးပေါ်လိုအပ်လာပါက လူနာရှင်အနေဖြင့် ပရဟိတအသင်းအဖွဲ့ (သို့မဟုတ်) သက်ဆိုင်ရာအဖွဲ့အစည်းနှင့်အတူ လာရောက်၍ ငှားရမ်းနိုင်သည်ဟု ဦးစည်သူထွန်းက ပြောသည်။
ထို့အပြင် ဖုန်းနံပါတ် ၀၉၉၇၆၆၇၅၆၆၀၊ ၀၉၂၅၄၄၇၅၆၀၉၊ ၀၉၉၅၄၄၇၅၆၀၉၊ ၀၉၇၅၂၂၆၁၅၆၈ ထံသို့ ဆက်သွယ်၍လည်း ငှားနိုင်သည်ဟု ဆိုသည်။
မြိတ်မြို့၌ လက်ရှိတွင် ပရဟိတ နာရေးကူညီမှုအသင်းအပါအဝင် အဖွဲ့အစည်း ၁၀ ဖွဲ့ခန့်ကလည်း အောက်ဆီဂျင်အိုးများ အခမဲ့ငှားပေးနေသည်။
သြဂုတ်လဆန်းပိုင်းတွင် မြိတ်မြို့၊ ကလွင်နယ်မြေ တောင်းပြိုကျေးရွာ၌တည်ရှိသော အောက်ဆီဂျင်စက်ရုံသည် စက်ချို့ယွင်းမှုကြောင့်ဟုဆိုကာ ရပ်နားထားရသဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းမှ အောက်ဆီဂျင်များ တင်သွင်းခဲ့ရသဖြင့် အရေးပေါ်လူနာများအတွက် ခက်ခဲမှုများ အနည်းငယ်ရှိခဲ့သည်ဟု ဒေသအတွင်း ပရဟိတအသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
မြိတ်မြို့နယ်တွင် တိုင်းကျန်းမာရေးဌာနမှ သြဂုတ်လ ၄ ရက်နေ့ ညနေ ၄ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၁၂၀၀ ကျော်ရှိပြီး မြိတ်မြို့တွင် ဇူလိုင်လကုန်ပိုင်းမှစ၍ တစ်ရက်လျှင် သေဆုံးသူ ၁၀ ဦးဝန်းကျင်ခန့် ရှိနေသည်။







