ဩဂုတ်လ ၃ ရက်နေ့ (ယမန်နေ့) တစ်နေကုန်နီးပါးခန့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက ကျေးရွာအချို့အား စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် KIO ဌာနချုပ် လိုင်ဇာမြို့အားလည်း ဆက်တိုက်ဆိုသလို လက်နက်ကြီးများဖြင့် ပစ်နေသည်ဟု ဒေသခံများက ပြောသည်။
ယခုည ၁၁ နာရီ ကျော်အချိန်ခန့်ကစတင်ပြီး လိုင်ဇာမြို့အတွင်းမှ လက်နက်ကြီးသံများ ကြားနေရသည်ဟု လိုင်ဇာဒေသခံတစ်ဦးက ပြောသည်။
“အသံက အရမ်းကျယ်တယ်။ နှစ်ချက်ကြားရတယ်။ နီးနီးလေးလိုပဲ ဒီ ၁၁ နာရီ ၅၀ လောက်မှာ စပြီးကြားရတယ်။ ၁၂ နာရီကျော်တော့ နှစ်ချက်ထပ်ကြားရတာ။ အဲ့ဒါကတော့ နည်းနည်းဝေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လိုင်ဇာမြို့၊ ဝေကျိုင်က ဒေသခံတစ်ဦးက “အခုလည်း ထပ်မြည်နေတယ်။ ကျမတို့ နည်းနည်း ပစ္စည်းတွေဘာတွေတော့ သိမ်းထားတယ်။ အားလုံးလည်း စိုးရိမ်နေကြတယ်။ အခုက လေးချက်မကတော့ဘူး။ ဘယ်လိုအိပ်ရ မှန်းတောင် မသိတော့ဘူး။ ထွက်ပြေးကြတာတို့တော့ မရှိသေးဘူး။ အခြေအနေ စောင့်ကြည့်နေရတာပေါ့နော်။ ဘယ်လိုပြောရမလဲ သတိအနေအထားမျိုးပေါ့” ည ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ပြောသည်။
ဝိုင်းမော်မြို့နယ်အတွင်းတွင်လည်း ယမန်နေ့ညကတည်းက ယနေ့တစ်ရက်လုံးနီးပါး တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဝိုင်းမော်မြို့က အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက “ဘာမှ တိုက်ပွဲလည်းမဖြစ်ဘူး၊ အဲ့ဒါကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာ။ ကျနော်တို့ထင်တာတော့ ခမရ ၅၈ အဲ့ဘက်ကနေ ပစ်နေတာဟုတ်တယ်။ မဒိန်ကျေးရွာဘက်ကိုလည်း ပစ်တယ်။ မနေ့ညကတော့ ဒီတခြားနေရာတွေလည်း ပစ်တယ်။ မဒိန်က အခုတလော ခနခနပစ်ခံနေရတာဟုတ်တယ်” ဟု ပြောသည်။
ထို့သို့ ဝိုင်းမော်မြို့နယ်အတွင်း တစ်ရက်လုံးနီးပါး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ယခုည ၁၁ နာရီခွဲအချိန်ခန့်တွင် လေယာဉ်များလည်း ပျံဝဲနေသည့်အတွက် ဒေသခံများ စိုးရိမ်နေကြသည်။
ဗလမင်းထင်တံတားနားက ဒေသခံတစ်ဦးက “ကျနော်တို့ ဒီဘက် မြစ်ကြီးနားကလည်း လက်နက်ကြီးသံက ဆက်တိုက်ကြားရတာဗျ။ ည ၇ နာရီကျော်လောက်ကစပြီး ကြားရတယ်။ အခုထိလည်း ကြားနေရတုန်းပဲ။ လေယာဉ်လည်း ဟိုဘက်ကမ်း (ဝိုင်းမော်) ဘက်ကို သွားလိုက်တယ်။ ဘာမှမတတ်နိုင်ဘူးဗျ။ ကျနော်တို့ပြည်သူတွေ ဘေးကင်းဖို့ပဲ ဆုတောင်းရမယ်။ အခုက ဘယ်သူမှလည်း မလုံခြုံဘူးလေနော်” ဟု ပြောသည်။
ထို့အပြင် ဇွန်လ ၂၄ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က မြစ်ကြီးနားအနီး ဝင်ရောက်ပစ်ခတ်မှုကို လက်တုန့်ပြန်သည့် အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များက KIA စစ်ဌာနချုပ် လိုင်ဇာအပါအဝင် အခြေစိုက်နယ်မြေများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။
ကချင်ပြည်နယ်အတွင်း ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ ဖားကန့် မြို့နယ်များထဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့အကြား စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။







