ကယားတွင် စစ်ကောင်စီတပ် ၁၁ ဦးသေဆုံးဟု KNDF ပြော

ကယားတွင် စစ်ကောင်စီတပ် ၁၁ ဦးသေဆုံးဟု KNDF ပြော

ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်တွင် KNDF၊ KA ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ၁၁ ဦးကျဆုံးကာ၊ အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNDF က ပြောသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF၊ ကရင်နီတပ်မတော် KA ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်တို့အကြား ဖရူဆိုမြို့နယ်တွင် ဩဂုတ်လ ၃ ရက်နေ့ တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၁၁ ဦးကျဆုံးကာ အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNDF က ပြောသည်။

ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဘောလခဲမရောက်ခင် ဖရူဆိုထဲမှာပဲ ဖြစ်ကြတယ်ဗျား။ မနက်အစောကြီး တစ်ကြိမ်ဖြစ်တယ်။ မနက်အစောကြီးဆိုတော့ ၇ နာရီခွဲလောက်မှာနဲ့တူတယ်။ အဲမှာ တစ်ကြိမ်ဖြစ်ပြီးတော့ နေ့လည် ၁၁ မထိုးခင်မှာ တစ်ကြိမ်ဖြစ်တယ်။ ၂ ကြိမ်ဖြစ်တယ်။ ပထမတစ်ကြိမ်က ဒီဖရူဆိုမြို့နယ် မာခရောရှေ့ ကျေးရွာမှာဖြစ်တယ်။ ဒုတိယတစ်ကြိမ်က ထားလဲအကျော် ကြိုးပင်ကုန်းရွာနားလေးမှာ ဖြစ်တယ်ဗျာ။ တကယ့်မြေပြင်မှာဖြစ်တာကတော့ ၂ ကြိမ်ပဲဖြစ်တယ်ဗျာ” ဟု ပြောသည်။

ထိုတိုက်ပွဲများအတွင်း KNDF ဖက်မှ ထိခိုက်သေဆုံးမှုများမရှိသော်လည်း စစ်ကောင်စီတပ်များဖက်မှ ၁၁ ဦးကျဆုံးပြီး အယောက် ၂၀ ထက်မနည်း ဒဏ်ရာရကာ စစ်ကောင်စီတပ်၏ ကား ၃ စီး မီးလောင်ပျက်စီးခဲ့သည်ဟု KNDF က ဆိုသည်။

“အထိအခိုက်များတယ်ဆိုတာကတော့ အဓိက မိုင်းဆွဲတိုက်ခိုက်တဲ့ ဒုတိယတစ်ခေါက်မှာတော့ အထိအခိုက်ပိုများသွားတယ်ပေါ့လေ။ ဒုတိယတိုက်ပွဲက ပထမတိုက်ပွဲထက်ပိုပြီးမှ ပြင်းတယ်လို့ပြောရမှာပေါ့။ ဒုတိယဖြစ်တဲ့တိုက်ပွဲက စကခဖက်က အားလုံးပေါင်း ကား ၂၇ စီးပေါ့လေ။ လွိုင်ကော်ကနေ ဘောလခဲကိုဆင်းတာ သူတို့ မိုင်းဆွဲပြီးတော့မှ တိုက်တာပေါ့လေ ပြီးတော့မှ လက်နက်ငယ်နဲ့ပစ်ကြတယ်နော။ ၅ မိနစ် ၁၀ မိနစ် ခန့် လောက်ပါပဲ” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဩဂုတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် KNDF၊ KA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ စစ်ကောင်စီဖက်မှ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

လက်ရှိတွင် ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်များမှ ထိုးစစ်ဆင်လျက်ရှိသည့်အပြင် တပ်အင်အားများ ဖြည့်တင်းလျက်ရှိသည်ဟု ဆိုသည်။

ထိုအနေအထားများကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူ ပြောသည်။

၎င်းက “ကျနော်တို့လည်း ယူဆရသလောက် ခန့်မှန်းထားသလောက်တော့ ဒီတစ်လ ဒီရှေ့လျှောက်ပေါ့လေ ဒီရက်ပဲဖြစ်ဖြစ် ဒီလကနေပဲ စစပေါ့လေ ရှေ့လျှောက်ကြရင်တော့ တိုက်ပွဲတွေက ပိုပြီးတော့ ပြင်းထန်လာဖို့ရှိတယ်လို့ ကျနော်တို့က မျှော်လင့်ထားတယ်” ဟု ပြောသည်။

ရှေ့ဆက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်နှင့် တိုက်ပွဲအတွက် အဖက်ဖက်မှ ကြိုတင်ပြင်ဆင်ထားလိုသည်ဟု KNDF က ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားပြည်နယ်များဖြစ်ကြသည့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

ထိုသို့ ပြည်နယ်များတွင် တိုက်ပွဲများဖြစ်ပွားနေသည့်နည်းတူ တိုင်းဒေသကြီးများထဲတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းပေးထားသည့် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...