မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံးတွေ့ရှိပြီး မင်းလှနှင့် အောင်လံမြို့သည် သေဆုံးမှုအများဆုံးဖြစ်ကြောင်း ကိုဗစ်ထိန်းချုပ်ရေး လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
ဇွန်လကုန်ကာနီးအထိ ပိုးကင်းစင်ခဲ့သော အထက်မင်းလှမြို့သည် ဇူလိုင် ၃၀ ရက်နေ့အထိ တစ်လအတွင်း အတည်ပြုလူနာ ၁၁၀၂ ဦးနှင့် သေဆုံးသူ ၁၈ ဦးရှိလာပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၆၃၆ ဦးရှိသည်ဟု လူမှုကူညီရေးအဖွဲ့များက ပြောသည်။
သရက်ခရိုင်အတွင်းပါရှိသော ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း အောင်လံမြို့နယ်၌လည်း ဇူလိုင် ၂၉ ရက်နေ့အထိ အတည်ပြုလူနာ ၁၀၅၈ ဦးအထိရှိပြီး သေဆုံးသူ ၆၁ ဦး ရှိပြီဖြစ်သည်။
ယခုကူးစက်မှုသည် မြို့နယ်ချင်းထိစပ်မှုများမှတဆင့် ကူးစက်နေခြင်းဖြစ်နိုင်ပြီး သတိမထား ပေါ့ဆမှုများကြောင့် သရက်ခရိုင် ၆ မြို့နယ်အတွင်း ကူးစက်မှုများ မြင့်တက်နေရခြင်းဖြစ်သည်ဟု လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။
မင်းတုန်းမြို့တွင်း ကူးစက်မှုများနေမှုနှင့် ပတ်သက်၍လည်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ”လက္ခဏာက ကိုဗစ်နဲ့ အသက်ရူကြပ် သေခါနီးရောက်လာပြီး သေတော့ စစ်ကြည့်တော့ ပိုးတွေ့တာပေါ့” ဟု ပြောသည်။
သရက်ခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ်ထဲတွင် ကူးစက်မှုအနည်းဆုံးနှင့် သေဆုံးသူအနည်းဆုံးမှာ ကံမမြို့နယ်ဖြစ်ပြီး ဇွန် ၄ ရက်နေ့မှ ဇူလိုင် ၂၉ ရက်ရက်နေ့အထိ ပိုးတွေ့လူနာစုစုပေါင်း ၂၄၈ ဦး၊ သေဆုံးသူ ၅ ဦးနှင့် ဆေးကုသဆဲ ၉၄ ဦးရှိကြောင်း စေတနာ့ဝန်တမ်းတစ်ဦးက ပြောသည်။
”ပရဟိတတွေလည်း လက်ပမ်းကျ၊ အလှူရှင်တွေလည်း စားစရာမရှိတဲ့သူလှူရတာနဲ့ အောက်စီဂျင်ရှာရတာနဲ့ အားလုံး လက်ပမ်းကျနေကြပြီ။ အတတ်နိုင်ဆုံး ကိုဗစ်စည်းကမ်းနဲ့အညီ နေကြပါလို့ တိုက်တွန်းပါရစေ” ဟု အောင်လံမြို့က စေတနာ့ဝန်ထမ်းက ပြောသည်။
သရက်ခရိုင်အတွင်းက မြို့နယ် ၆ မြို့နယ်တို့မှာ သရက်မြို့နယ်၊ အောင်လံမြို့နယ်၊ အထက်မင်းလှမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ်တို့ ဖြစ်သည်။
မကွေးတိုင်း သရက်ခရိုင် အထက်မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ နေ့စဉ်တွေ့ရှိနေပြီး အတည်ပြုလူနာ တစ်ထောင်ကျော်နှင့် သေဆုံးသူ ၁၈ ဦးအထိ သေဆုံးမှုရှိနေသည်ဟု မြို့ခံ ပရဟိတလုပ်ဆောင်နေသူများက ပြောသည်။
ဇွန်လ ၂၆ ရက်နေ့အထိ ပိုးကင်းစင်ခဲ့သည့် ဆက်တိုက်ပိုးတွေ့ရှိမှု မြင့်တက်လာရခြင်းသည် အနီးအနားရှိ တပ်မတော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တပ်များနှင့် စက်မှုဝန်ကြီးဌာန အလုပ်ရုံများ၊ လူဝင်လူထွက်များသည့် ဒဟတ်ပင်၊ ဒန်ကိုင်း၊ ငနောင်မုန်းစသည့် ရေနံမှော် ၃ ခု ကြောင့်လည်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က သုံးသပ်ပြောဆိုနေမှုများလည်း ရှိနေသည်။
သတင်းထိန်းချုပ်ထားသည့် မင်းလှမြို့တွင်ရှိသည့် တပ်မတော်ကာကွယ်ရေးပစ္စည်း စက်ရုံများဖြစ်ကြသည့် ကပစ ၁၀၊ ကပစ ၂၊ ကစစ အလုပ်ရုံများထဲတွင်လည်း Qurantine Center နှင့် ကုသရေးဌာနများ ကျိတ်လုပ်ဆောင်နေကြောင်း အပြင်ကိုပေါက်ကြားလာသည့် သတင်းများအရ သိရသည်။
”တပ်ထဲမှာ ပိုးတွေ့များတာ ကပစတွေ စာရင်းပါလာလို့ ကပစ ၂ ထဲတင် လူတစ်ရာကျော် အတည်ပြုပိုးတွေ့ထားပြီး တခြားဖျားနာသူတွေလည်း ရှိတယ်” ဟု အမည်မဖော်လိုသည့် ကျန်းမာရေးဌာနက အရာရှိတစ်ဦးက ပြောသည်။
မင်းလှမြို့တွင် အတည်ပြုလူနာပေါင်း ၁၀၆၁ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၆၀၉ ဦးနှင့် သေဆုံးသူ ၁၆ ဦးရှိသည်ဟု ဒေသအတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။







