စစ်ကောင်စီတပ်နှင့် KIA နေရာအနှံ့အပြား တိုက်ပွဲများဖြစ်

စစ်ကောင်စီတပ်နှင့် KIA နေရာအနှံ့အပြား တိုက်ပွဲများဖြစ်
The Kachin Net
The Kachin Net

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအများအပြားတွင် စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို တိုက်ပွဲများဖြစ်ပွားနေသည်။

ကချင်ပြည်နယ် ဝိုင်းမော်၊ မိုးကောင်း၊ ဗန်းမော် မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်နှင့် မုံးကိုးဒေသတို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “မနေ့ကတော့ ဝိုင်းမော်က ခလရ ၅၈ အဲဖက်မှာ KIA တပ်ရင်း ၃ ပေါ့နော အမှတ် ၃ တပ်ရင်းဖက်ကနေ လာပစ်ပြီးမှ တိုက်ပွဲဖြစ်တာ အပြန်အလှန်တိုက်ပွဲဖြစ်တာရှိပါတယ်။ နောက်တစ်ခုကတော့ ဒီမနက် အစောကြီးပေါ့ ၁ နာရီခွဲအချိန်လောက်မှ လီဒိုလမ်းဖက်က မရမ်ကထောင်ဆိုတဲ့နေရာက ဂိတ်တွေကို ဝင်ပစ်တဲ့ဟာတွေရှိပါတယ်။ နောက် ဒီမိုးကောင်း စကခရုံးတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေရှိပါတယ်။ ထိုးစစ်ဆင်တာကတော့မဟုတ်ဘူး။ အဲဒါလှမ်းပစ်တာရှိပါတယ်” ဟု ပြောသည်။

ထိုပစ်ခတ်မှုများပြီးနောက် စစ်ကောင်စီဖက်မှ လိုင်ဇာအနီးအနားအပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်သည့် ဧရိယာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ကချင်ပြည်နယ်ရှိ အဆိုပါမြို့နယ်များအပြင် ဖားကန့်မြို့နယ်ဖက်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုများရှိသည်ဟု ဆိုသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များနှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် MNDAA (ကိုးကန့်) တပ်များနှင့်လည်း စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“မနေ့ကတော့ ဒီမူဆယ် ကွတ်ခိုင် ပြည်ထောင်စုလမ်းမကြားမှာ ၂ နေရာ တိုက်ပွဲဖြစ်တာ ဖြစ်စဉ်တွေရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ရဲ့ တပ်ရင်း ၃၆ နယ်မြေဖြစ်နေတဲ့ မုံးကိုးဒေသဖက်မှာလည်း MNDAA နဲ့ နေတိုင်းဆိုသလို တိုက်ပွဲဖြစ်တာရှိပါတယ်။ အဲဖက်မှာတော့ သုံးလေး ရက်လောက်တော့ ရှိပါပြီ။ အဲဒါပါပဲ ရှမ်းမြောက်ဖက်မှာ နည်းနည်း ခပ်စိတ်စိတ်လို့ ပြောလို့ရပါတယ်”

တိုက်ပွဲဖြစ်ပွားနေသည့်တစ်ဖက်တွင် စစ်ကောင်စီတပ်မှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာဒေသများဖက်သို့ စစ်အင်အားတိုးချဲ့မှုရှိနေသည်ဟု KIO/KIA က ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “တစ်ခါတည်းနဲ့ သူတို့ စစ်အင်အားတွေ တိုးထားတာကတော့ မရှိပါဘူး။ ဒါပေမယ့် နည်းနည်းနဲ့ စုထားတဲ့ပုံစံ စစ်အင်အားတွေ စုထားတာကတော့ ရှိပါတယ်။ ဥပမာ ကျနော်တို့ အလော့ဒ်ဘွမ်တို့ လိုင်ဇာပေါ့နော အဲဒီတစ်ဝိုက်မှာလည်း ဖြေးဖြေးလေးနဲ့ နည်းနည်းနဲ့ စုထားတော့ ရှိပါတယ်။ နောက် သုံးလေးရက်မှာ ဗန်းမော်ဖက်က စစ်သင်္ဘောတွေတက်ပြီးမှ စစ်အင်အားတွေ သူတို့ရဲ့ လက်နက်တွေ စားနပ်ရိက္ခာတွေပေါ့နော။ ဒါတွေပို့ထားတယ်။ စုထားတာကတော့ရှိပါတယ်။ စစ်အင်အားအလုံးအရင်းနဲ့ ခြေကျင်တက်ပြီးမှ စစ်ဆင်ရေး ထိုးထားတာကတော့ မတွေ့ရပါဘူး” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ကရင်ပြည်နယ်တွင်လည်း ကရင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် KNU/KNLA နှင့်လည်းကောင်း၊ ကယား (ကရင်နီ) ပြည်နယ်တွင်လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့်လည်ကောင်း၊ ရှမ်းပြည်မြောက်ပိုင်းတွင်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းပေးထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်များနှင့်လည်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...