အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့ ပေါက်ကွဲမှုဖြစ်ပွား

အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့ ပေါက်ကွဲမှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးရွာတစ်ရွာရှိ အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့ လမ်းမတွင် ပေါက်ကွဲမှုနှစ်ခု ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

တနင်္သာရီမြို့နယ် တကူကျေးအုပ်စု တကူကျေးရွာ သံတိုက်ရပ်ကွက် ကမ်းနားလမ်းလှေဆိပ်အနီးရှိ အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့ လမ်းမတွင် ဇူလိုင် ၂၈ ရက်နေ့ ည ၈း၁၅ နာရီ အချိန်ခန့်က ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

သံတိုက်ရပ်ကွက်နေ အငြိမ်းစားဝန်ထမ်းတစ်ဦးက “အသံက အတော်ကျယ်တယ်။ ရှေ့နောက်ဆင့်ပြီး နှစ်လုံးပေါက်ကွဲတာ ကြားရတယ်။ ပဲ့တင်သံနဲ့ဆိုတော့ အသံက သုံးလေးလုံးကွဲတဲ့အသံမျိုးလို ဖြစ်နေတာပေါ့” ဟု အတည်ပြုပြောသည်။

သို့သော် အဆိုပါပေါက်ကွဲမှုကို လုပ်ဆောင်ခဲ့သည့်အဖွဲ့အစည်း မည်သူမည်ဝါကို မသိရှိရကြောင်း ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင် အုပ်ချုပ်ရေးမှူး ဦးကျော်ငွေသည် စစ်ကောင်စီခန့်ထားသူဖြစ်ကာ ပေါက်ကွဲမှုကြောင့် လူနေအိမ်ထိခိုက်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရသူ တစ်စုံတစ်ရာမရှိဘူးဟုလည်း ရွာသားများက ဆိုသည်။

ယခုပေါက်ကွဲမှုသည် တကူးကျေးရွာတွင် ပထမဆုံးပေါက်ကွဲမှုဖြစ်ပြီး သက်ဆိုင်ရာက တစ်စုံတစ်ရာ လာရောက်စစ်ဆေးခြင်း၊ စုံစမ်းအရေးယူခြင်းများ မရှိသေးဘူးဟု ကမ်းနာလမ်းတွင်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

တကူကျေးရွာသည် မြိတ်မြို့မှ အရှေ့ဘက် မိုင် ၅၀ ခန့်အကွာတွင်ရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် ကျေးရွာတစ်ရွာဖြစ်သည်။

ထိုကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိ ရွာကြီးတစ်ရွာဖြစ်ကာ အသက်မွေးဝမ်းကျောင်းအဖြစ် ရော်ဘာနှင့် ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်း အဓိကလုပ်ကိုင်နေထိုင်ကြသည်။

 
 

 

 

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...