ကွတ်ခိုင် ယာယီပျံကျဈေးတွင် COVID-19 ကူးစက်မည်ကို ပြည်သူအချို့ စိုးရိမ်

ကွတ်ခိုင် ယာယီပျံကျဈေးတွင် COVID-19 ကူးစက်မည်ကို ပြည်သူအချို့ စိုးရိမ်

ကွတ်ခိုင်မြို့ ယာယီပျံကျဈေးတွင် လူရာချီ ရောင်းဝယ်နေသော်လည်း COVID-19 စည်းကမ်းချက်များ လိုက်နာမှုမရှိသောကြောင့် ရောဂါကူးစက်ပြန့်နှံ့မည်ကို စိုးရိမ်သူများရှိနေသည်။

ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် အဆိုပါစျေးအတွင်း စျေးရောင်းစျေးဝယ်သူ ၅၀၀ ကျော်ခန့်ရှိနေပြီး အဆိုပါ ယာယီပျံကျစျေးတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီက ရောင်းချခွင့်ပြုထားသည်ဆိုသည့် ဆိုင်းဘုတ်ကိုလည်း တွေ့ရသည်ဟု အမည်မဖော်လိုသူ ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက "ဒီ ယာယီပျံကျဈေးကို ရောင်းဝယ်နေကြတဲ့ ဒေသခံတွေအားလုံးက မှီခိုနေရတာဖြစ်ပေမယ့် ကိုဗစ်ကာလနဲ့ အတူနေထိုင်ဖို့ ကိုဗစ်စည်းကမ်းနဲ့အညီ ရောင်းဝယ်မူ အားနည်းနေတာကြောင့် အရမ်းစိုးရိမ်နေရတယ်" ဟု ပြောသည်။

အဆိုပါ ယာယီပျံကျဈေးမှာ ကွတ်ခိုင်မြို့အနီးတဝိုက်က ကျေးရွာများက ဒေသခံများက ဒေသထွက် ဟင်းသီးဟင်းရွက်များ လာရောင်းကြသည့် စျေးဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။

ထို့အပြင် အခြားစားသောက်ကုန်များ၊ အသားငါးများနှင့် အဝတ်အထည်အရောင်းဆိုင်များလည်း ရှိနေပြီး ကွတ်ခိုင်မြို့ပေါ်က ပြည်သူများ အားထားစျေးဝယ်ရသည့် စျေးတစ်စျေးလည်းဖြစ်သည်ဟု ဆိုကြသည်။

သို့သော် အဆိုပါစျေးအတွင်း စျေးရောင်းစျေးဝယ် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များကို လိုက်နာမှုနည်းပါးပြီး၊ အရေးယူမှုလည်းမရှိဘူးဟု ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို စိုးရိမ်နေကြသည့် ဒေသခံပြည်သူအချို့ က ပြောသည်။

"ဖြစ်စေချင်တာက ရောင်းဝယ်ယူတွေ ၆ ပေ အကွာနေဖို့၊ ဈေးအဝင်မှာလည်း ကိုဗစ်စည်းကမ်းလိုက်နာရန် စစ်ဆေးရေးဂိတ်ထားဖို့နဲ့ ဈေးရောင်းသူတွေကို ၁၅ ရက်တစ်ခါ ကိုဗစ်ရောဂါ စစ်ဆေးပေးဖို့တွေကိုလည်း တောင်းဆိုထားပါတယ်” ဟု ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို စိုးရိမ်သည့် ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့ ကိုဗစ်-၁၉ အရေးပေါ်ကူညီရေးအဖွဲ့ ဥက္ကဋ္ဌက ကွတ်ခိုင်မြို့ရှိ အဆိုပါယာယီပျံကျစျေးနှင့် ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားမည်ဟု ပြောသည်။

ရှမ်းပြည်နယ်၊ မြောက်ပိုင်းက ကွတ်ခိုင်မြို့နယ်ထဲတွင် အခြား တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များနည်းတူ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေပြီး လက်ရှိအချိန်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၅၀ ဦးခန့်ရှိနေပြီး သေဆုံးသူ ၅ ဦးရှိပြီဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...