တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ ကသာမြို့အတွင်း ဈေးဆိုင်များဖျက်ဆီး

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ ကသာမြို့အတွင်း ဈေးဆိုင်များဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ ၄ မိုင်လမ်းခွအနီးတွင် PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏တပ်များသည် မြို့တွင်းပြန်ဝင်ကာ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်းနှင့် ဈေးဆိုင်အချို့အား ဖျက်ဆီးခဲ့သည်ဟု မြိုခံများက ပြောသည်။

ခြေလျှင်ချီတက်လာသည့် စစ်ကောင်စီတပ်၏ အင်အား ၃၀ ခန့်ပါ စစ်ကြောင်းကို ၂၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် PDF များက ခြုံခိုတိုက်ခဲ့ပြီး စစ်ကြောင်းနှင့်အတူလိုက်လာသည့် အရပ်ဘက်ကားကိုလည်း မိုင်းဆွဲတိုက်ခဲ့ရသည်ဟု PDF သတင်းများက ဆိုသည်။

ယင်းတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း နေ့လည် ၁ နာရီခန်တွင် ကသာမြို့တွင်ရှိ မီတာ ၄၀၀ တိုက်တန်းမှ ဝေဖြိုးမုန့်စုံဆိုင်နှင့် BBmark မိုဘိုင်းဖုန်းဆိုင်တို့ကို တံခါးများရိုက်ဖျက်ပြီး ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရပ်ကွက်နေပြည်သူ အမျိုးသားတစ်ဦးက ပြောသည်။

“လမ်းသွားလမ်းလာတွေကိုလည်း စစ်တယ်၊ ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို တံခါးရိုက်ဖျက်ရှာတယ်။ ဖွင့်ထားတဲ့ဆိုင်တွေကို ဝင်ရှာတယ်၊ မှန်တံခါးတွေကိုလဲ သေနတ်ပစ်ခွဲတယ်“ ဟု ၎င်းကပြောသည်။

ယခုလုပ်ဟန်သည် စစ်ကောင်စီလက်ထက်မှမဟုတ်ပဲ တပ်မတော်ကပြုလုပ်ခဲ့သည့် အစဉ်အလာ လုပ်ဟန်တစ်ခုဖြစ်ပြီး ပဲခူးရိုးမဖြတ်လေးဖြတ်ဆိုသည့် ၁၉၇၀ ဝန်းကျင်ကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားတပ်မတော် အဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောကြားသည်။

“သိပ်ရှင်းတာပ ကြွက်မနိုင် ကျီမီးနဲ့ရှို့ ဆိုတဲ့အတိုင်းပဲ။ မင်းတို့အဖျက်မခံချင်ရင်၊ အပစ်မခံချင်ရင် မင်းတို့ PDF တွေ မင်းတို့ပြော မင်းတို့တား ဆိုပြီး ပြည်သူတွေကို ခြိမ်းခြောက်တဲ့လုပ်ဟန်ပါပဲ“ ဟု ၎င်းကျောင်းသားတပ်မတော် အဖွဲ့ဝင်ဟောင်းက ပြောသည်။

ထိုသို့သောလုပ်ရပ်များကို ယခင်က စစ်တပ်က ခေတ်အဆက်ဆက်တွင် တောင်တန်းဒေသနှင့် နယ်စွန်နယ်ဖျားဒေသများတွင် လုပ်ခဲ့ခြင်းဖြစ်၍ လူအများက မသိရှိခဲ့ခြင်းသာဖြစ်သည်ဟု ၎င်းကပြောသည်။

ယင်း ကသာမြို့လမ်းခွဲတိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးကျဆုံးပြီး၊ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PDF သတင်းများအရ သိရသည်။

 
 

 

 

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...