မော်လမြိုင်ဆေးရုံကြီးတွင် ကိုဗစ်လူနာအမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

မော်လမြိုင်ဆေးရုံကြီးတွင် ကိုဗစ်လူနာအမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးသဖြင့် တကြော့ပြန် ကိုဗစ်တတိယလှိုင်းအစ၌ လူနာစုစုပေါင်း ၉ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇူလိုင်လ ၁ ရက်) အထိ မော်လမြိုင် Isolation ward 1 တွင် Positive လူနာ ၈၄ ဦး၊ Isolation ward 3 တွင် ၁၃၅ ဦးနှင့် ထားဝယ်ဆောင်တွင် ၁၃၆ ဦး စုစုပေါင်းလူနာ ၃၃၅ ဦးကို ဆေးကုသမှုပေးနေကြောင်း သိရသည်။

မော်လမြိုင် Rescue အဖွဲ့မှ ကိုဇင်မိုးက "ကိုဗစ်က ကိုယ်ခံအားကောင်းတဲ့ လူငယ်လူရွယ်တွေဆီမှာဆို အချိန်တန်ရင် ပြန်ကောင်းသွားပေမယ့် ရောဂါအခံရှိတဲ့သူတွေ သက်ကြီးရွယ်အိုတွေဆီကို ကိုဗစ်ထပ်ဝင်သွားရင်တော့ ကိုယ်ခံအားနည်းတဲ့အတွက် အသက်သေဆုံးတဲ့အထိ ဖြစ်တာပေါ့နော်" ဟု ဆိုသည်။

ဇူလိုင် ၁ ရက်က သေဆုံးခဲ့ခြင်းဖြစ်ပြီး မော်လမြိုင် ကျွဲခြံကုန်းရပ်ကွက်တွင်နေထိုင်သည့် အသက် (၄၁) နှစ်အရွယ် အမျိုးသမီးသည် အစ္စလာမ်ဘာသာဝင်ဖြစ်သောကြောင့် ကိုဗစ်စည်းကမ်းနှင့်အညီ အစ္စလာမ်ဘာသာရေးအယူအတိုင်း သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ဆေးရုံကြီး Isolation ward 1 နှင့် Isolation ward 3 အပြင် မော်လမြိုင်တက္ကသိုလ်အတွင်းရှိ ထားဝယ်ဆောင်တို့တွင် ဆေးကုသမှုပေးလျက်ရှိသည်။

Covid-19 ဓာတ်ခွဲအတည်ပြုလူနာများလာသည့်အတွက် ပဲခူးတိုင်း သာယာဝတီ၊ မင်းလှနှင့် မန္တလေးတိုင်း ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ စသည့်မြို့နယ်များအား ဇူလိုင်လ ၂ ရက် နံနက် ၄ နာရီကစပြီး (Stay at Home) အမိန့် ကြေညာလိုက်သဖြင့် နိုင်ငံတဝန်း မြို့နယ်ပေါင်း ၂၀ အထိ (Stay at Home) ရှိလာသည်။

ယမန်နေ့က ဓာတ်ခွဲနမူနာပေါင်း ၉၄၅၇ ခုကို စစ်ဆေးရာ အတည်ပြုလူနာ ၂၀၇၀ ဦး ထပ်မံတွေ့ရှိသဖြင့် တစ်နိုင်ငံလုံးတွင် Covid-19 အတည်ပြုလူနာစုစုပေါင်း ၁၅၉၃၄၇ ရှိလာပြီး ယမန်နေ့က သေဆုံးသူ ၁၃ ဦးရှိသည့်အတွက် သေဆုံးသူပေါင်း ၃၃၄၇ ဦးအထိရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 
 

 

 

May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 16, 2026
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ...
May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...