ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းဆိုတာ သာမန်လူတစ်ချို့ပြောနေကြတဲ့ ပေါ့သေးသေး အိပ်ရာဝင်ပုံပြင်အဆင့်တော့ မဟုတ်ပါဘူး။ ဒီစီမံကိန်းဟာ အကျိုးစီးပွားပေါင်းများစွာနဲ့ ရောထွေးနေတာပါ။ ပထဝီနိုင်ငံရေးအရ အလွန်အကဲဆတ်တဲ့ အခြေအနေမှာရှိနေသလို အင်အားကြီး တရုတ်ရဲ့ နိုင်ငံရေးဩဇာကိုပါ ဒီစီမံကိန်းကနေ သယ်ဆောင်လာပါလိမ္မယ်။ တရုတ်ရဲ့ ကမ္ဘာလွှမ်းခြုံရေးအိမ်မက်ကြီးအတွက် အလွန်အရေးပါတဲ့ စီမံကိန်းကြီးတစ်ခုပါ။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရဲ့နောက်ကွယ်မှာ မရေတွက်နိုင်တဲ့ အကျိုးစီးပွားများစွာပါဝင်နေသလို နိုင်ငံရေးနှင့် စစ်ရေးအရပါ တရုတ်အတွက် မရှိမဖြစ်လိုအပ်တဲ့ စီမံကိန်းကြီးဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံအတွက် သာမန်မက်လုံးတွေဖြစ်တဲ့ စက်ရုံ အလုပ်ရုံနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဆိုတာထက် များစွာပါဝင်နေပါတယ်။ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာစိုးမိုးရေး ပါဝါဖြန့်ကြက်မှုဟာ ကမ္ဘာ့အင်အားကြီးအနောက်နိုင်ငံများရဲ့ အကျိုးစီးပွားတွေကိုပါ ခြိမ်းခြောက်လာမှာပါ။
ဒါကြောင့်လည်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ရေကြောင်းခရီးသွားလာမှု လွတ်လပ်ခွင့်အတွက် အိန္ဒိယသမုဒ္ဒရာဒေသသို့ ၂၀၁၉ ခုနှစ်မှာ လေယာဉ်တင်သင်္ဘာတစ်စီးစေလွှတ်မယ်လို့ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ကြေညာခဲ့ဖူးပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ကျောက်ဖြူဟာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ ဘယ်လောက်ထိအရေးပါတယ်ဆိုတာကို မြင်နိုင်ပါတယ်။ သို့သော်လည်း အရပ်သားတစ်ပိုင်းအစိုးရဖြစ်တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အာဏာရှင်စစ်တပ်အစိုးရတွေအပေါ်မကင်းခဲ့တဲ့ ကျေးဇူးတွေကြောင့် ချက်ချင်း လက်မှတ်ထိုးပေးခဲ့တယ်ထင်ပါတယ်။
အစုရှယ်ယာအားဖြင့်တောင် တရုတ်ကို ၈၅% ထိပေးပြီး လက်မှတ်ရေးထိုးခဲ့တာကို တွေ့ရမှာပါ။ အိန္ဒိယသမုဒ္ဒရာဒေသမှာ ကမ္ဘာ့အင်အားကြီးအနောက်နိုင်ငံတစ်ချို့က စစ်စခန်းတွေနဲ့ နေရာယူထားကြသလို တရုတ်ကလည်း သီရိလင်္ကာရေနက်ဆိပ်ကမ်းကို နှစ်ပေါင်း (၉၉) နှစ်အထိ အကြွေးနဲ့ သိမ်းယူထားတာပါ။ အထနှေးသော်လည်း ချောင်းနေတဲ့ အာရှကျားကြီးသဖွယ် အိန္ဒိယကလည်း သီရိလင်္ကာဝန်ကြီးချုပ်ရဲ့ သုံးစားမရတဲ့အိမ်မက်ဖြစ်တဲ့ နိုင်ငံတကာလေဆိပ်ကြီးကို ဒေါ်လာသန်းချီပေးဝယ်ယူထားပြီး နဂါးကြီးကို စောင့်ကြည့်နေရတာကို တွေ့ရတယ်။
နိုင်ငံအပြင်ဘက်မှာ စစ်စခန်းတစ်ခုသာရှိသေးတဲ့ တရုတ်အတွက်က ကျောက်ဖြူဟာ အရေးအပါဆုံးဖြစ်သလို မြန်မာနိုင်ငံဟာလည်း တရုတ်အတွက် ကျောက်ဖြူကြောင့်သာ ပိုမိုအရေးပါလာတာဖြစ်ပါတယ်။ ဒါကြောင့်လည်း NLD အစိုးရလက်ထက်အရောက်မှာ ဦးသိန်းစိန်အစိုးရ လက်မှတ်ရေးထိုးအတည်ပြုခဲ့တဲ့ ကျောက်ဖြူစီမံကိန်းကို သုံးနှစ်လောက်ပြန်လည်သုံးသပ်ခဲ့ပြီး အစုရှယ်ယာကိစ္စကို (၃၀%) ထိ တိုးမြှင့်နိုင်ခဲ့တာကို တွေ့ရပါတယ်။ (၂၀၁၅) နောက်ပိုင်း ရက္ခိုင့်တပ်တော် (AA) ရခိုင်ပြည်ထဲမှာ အခြေချလာပြီး အင်အားကြီးထွားလာမှုကို NLD အစိုးရကရော မြန်မာစစ်တပ်ကပါ လိုလားပုံမရခဲ့ပါဘူး။
ဒါကြောင့်လည်း မခိုင်လုံတဲ့ တစ်ချို့သတင်းတွေအရ NLD အစိုးရလက်ထက်မှာ ကျောက်ဖြူရဲ့အရေးပါမှုကို လျှော့ချနိုင်ဖို့ စဉ်းစားခဲ့ကြဖူးတယ်လို့ဆိုပါတယ်။ ဒီစဉ်းစားချက်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်ဘက်ကို ပြောင်းရွှေ့ဖို့စဉ်းစားခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကျောက်ဖြူမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုတ်နှံထားတဲ့ တရုတ်အတွက် ဒီစဉ်းစားချက်ဟာ သဲထဲရေသွန်သာဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း NLD အစိုးရက ကျောက်ဖြူကြောင့် မြန်မာဟာ ကမ္ဘာ့နိုင်ငံရေးမှာ ပိုမိုအရေးပါလာတယ်ဆိုတာကို ကြိုက်ပုံမရသလို ရက္ခိုင့်တပ်တော် ရခိုင်ပြည်မှာ ချက်ချင်းအင်အားကြီးထွားလာမှုကိုလည်း သဘောမကျခဲ့ပါဘူး။ ဒါဟာ တရုတ်ရဲ့ နိုင်ငံခြားဆက်ဆံရေးမူဝါဒကြောင့်လည်း ဖြစ်နိုင်ပါတယ်။
တရုတ်ဟာ ခါးပတ်လမ်းစီမံကိန်း (BRI) ကို အကောင်အထည်ဖော်ဖို့ စဉ်းစားလာပြီးနောက် သမ္မတရှီကျင့်ဖျင်ဟာ နိုင်ငံခြားဆက်ဆံရေးမူဝါဒကို အားလုံးနဲ့သင့်မြတ်ရေးသို့ ပြောင်းရွေ့ကျင့်သုံးလာခဲ့သလို အစိုးရနဲ့အစိုးရ၊ စစ်တပ်နဲ့စစ်တပ်၊ လူထုနဲ့လူထု ပုံစံသို့ ပြောင်းလဲကျင့်သုံးခဲ့တာကို တွေ့ရပါတယ်။ ဒီဆက်ဆံရေးပုံစံအရ ရခိုင်ပြည်မှာ နှစ်နှစ်အတွင်း အင်အားအဆမတန်ကြီးထွားလာနေပြီး ရခိုင်လူထုထောက်ခံမှုကို အပြည့်အဝရရှိထားတဲ့ ရက္ခိုင့်တပ်တော်ကို တရုတ်အနေနဲ့ အရေးတယူဆက်ဆံလာရပါလိမ္မယ်။ ဒါကြောင့်လည်း အစိုးရက ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာကာ (၂၀၁၉-၂၀) နှစ်နှစ်အတွင်း မြန်မာစစ်တပ်က ကြည်း၊ ရေ၊ လေ သုံးခုလုံးဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး အရပ်သား သုံးရာကျော်အထိ သေဆုံးစေခဲ့ကာ လူနှစ်ရာကျော်ထိ မတရားဖမ်းဆီးတရားစွဲဆိုခံထားရပြီး ကိုဗစ်ကာလ နှစ်ချီအင်တာနက်ဖြတ်တောက်မှုကြီးကို ပြုလုပ်ထားခဲ့တာပါ။
မြန်မာစစ်တပ်ဘက်က တစ်နိုင်ငံလုံးကို အပစ်ရပ်ထားပြီး ရခိုင်တစ်ခုတည်းကို နှစ်နှစ်ကြာ တိုက်ပွဲဖန်တီးနေခဲ့ပေမယ့် စစ်တပ်နဲ့အစိုးရက မျှော်လင့်ခဲ့တဲ့ အိမ်မက်ဖြစ်တဲ့ ရက္ခိုင့်တပ်တော်ကို အမြစ်ပြတ်ရှင်းလင်းရေးအိမ်မက် မအောင်မြင်ခဲ့သလို ရက္ခိုင့်တပ်တော်ဟာ အဆမတန်အင်အားကြီးထွားသွားခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံတော်အာဏာကို စစ်တပ်ကမသိမ်းယူမီ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ စစ်တပ်နဲ့အေအေ အပစ်ရပ်ထားကြပေမယ့် အခု ရခိုင်ပြည်အတွင်းတိုက်ပွဲမဖြစ်တာ ရှစ်လကြာလာတဲ့အထိ သိသာတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ မရှိကြသေးတာကိုကြည့်ရင် စစ်ကောင်စီဥက္ကဌအနေနဲ့လည်း ရက္ခိုင့်တပ်တော် ရခိုင်ပြည်မှာ တည်ရှိနေမှုကို မကြိုက်ဘူးလို့ သုံးသပ်လို့ရသလို ရခိုင်ပြည်ရဲ့ လက်ရှိ ငြိမ်းချမ်းနေတာဟာ မီးခဲပြာဖုံးတဲ့အဆင့်ထက် မပိုသေးဘူးလို့ ဆိုနိုင်ပါတယ်။
နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးတဲ့နောက် လူထုတော်လှန်ပုန်ကန်မှုကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် တရုတ်ဟာ ကုလသမဂ္ဂအစည်းအဝေးတွေမှာ အကြိမ်ကြိမ် စစ်ကောင်စီကို ကာကွယ်ပေးထားခဲ့တာကို တွေ့ရပါတယ်။ ဂါဇာကမ်းမြောင်ဒေသအရေးမှာ အစ္စရေးနိုင်ငံကို ကုလသမဂ္ဂက ရှုံ့ချဖို့အဆိုကို ကမ္ဘာ့စူပါပါဝါ အမေရိကန်က ပယ်ချလိုက်ပြီးနောက် မြန်မာနိုင်ငံ စစ်ကောင်စီဥက္ကဌဟာ BRI အကောင်အထည်ဖေါ်ဆောင်ရေးကော်မတီကို ဖွဲ့စည်းလိုက်တာကိုတွေ့ရပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းကို စတင်ဖို့ ကော်မတီကို ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။
ဒါဟာ စစ်ကောင်စီဥက္ကဌအနေနဲ့ အင်အားကြီးတရုတ်ကို ချဉ်းကပ်ဖို့ ခြေလှမ်းသစ်တစ်လှမ်းကို လှမ်းလိုက်တာဖြစ်သလို သူ့အာဏာရယူထားမှု ငါးလကြာလာတဲ့အထိ ဘယ်နိုင်ငံကမျှ တရားဝင်အစိုးဖြစ်ကြောင်း အသိအမှတ်မပြုသေးတဲ့ အကျတ်အတည်းကို ကျော်လွှားဖို့ ကြိုးစားလာတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းယူထားမှုအပေါ် မတင်မကျဆက်ဆံရေးမူဝါဒကို ကျင့်သုံးပြီး အာစီယံအဖွဲ့ကို ကြားဝင်ဖြေရှင်းဖို့ အကြိမ်ပေါင်းများစွာ တိုက်တွန်းထားတဲ့ တရုတ်ရဲ့ထောက်ခံမှုကိုရရှိဖို့ စစ်ကောင်စီဥက္ကဌ ဒီပလိုမေစီကျကျ ချဉ်းကပ်လိုက်တာလို့ ဆိုရမှာပါ။
သို့သော်လည်း တရုတ်က အချဉ်တော့မဟုတ်ပါဘူး။ လက်ရှိ စစ်ကောင်စီဥက္ကဌဟာ (၂၀၁၁) မှာ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုယူခဲ့ပြီး ပထမဆုံးခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံကို ရွေးချယ်ခဲ့တာကိုကြည့်ရင် စစ်ကောင်စီဥက္ကဌဟာ အရင်စစ်တပ်ခေါင်းဆောင်တွေ တည်ဆောက်ထားခဲ့တဲ့ တရုတ်နဲ့ ဆက်ဆံရေးကို ခွာချင်တဲ့သဘောဆိုတာ မြင်နိုင်ပါတယ်။ ဗီယက်နမ်ဟာ တရုတ်ရဲ့ ရန်သူနိုင်ငံဖြစ်တဲ့အတွက် တရုတ်အနေနဲ့ ဒီလုပ်ရပ်အပေါ် မျက်စိစပ်ခဲ့မှာ သေချာပါလိမ္မယ်။ ဒါကြောင့် တရုတ်ဟာ စစ်ကောင်စီက ထင်သလိုလုပ်ဆောင်ဖို့ လက်နှေးနိုင်ပါတယ်။
တရုတ်ဟာ သူ့အကျိုးစီးပွားအရ ရခိုင်ပြည်ဟာ အလွန်အရေးပါကြောင်း (၂၀၁၇) ခုနှစ်က မောင်တောပဋိပက္ခမှာ ထွက်ပြေးသွားကြရတဲ့ မွတ်ဆလင်တွေရဲ့ နေရပ်ပြန်နိုင်ရေးမှာ ကြားဝင်ညှိနှိုင်းပေးမယ့် မြန်မာ၊ ဘင်္ဂလားဒေရှ့်၊ တရုတ် သုံးနိုင်ငံ ဖွဲ့စည်းလိုက်တာကိုကြည်ခြင်းအားဖြင့် သိသာနိုင်ပါတယ်။ ဒီစာချုပ်မှာ တရုတ်ဝင်လာတာဟာ အနောက်နိုင်ငံတွေရဲ့ဩဇာအောက်က မြန်မာကို ဆွဲထုတ်ထားရုံသက်သက်ထက် မပိုနိုင်ပါဘူး။
ဒါကြောင့် လက်ရှိကျောက်ဖြူစီမံကိန်းစတင်ရေးမှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံအာဏာသိမ်းမှု ပဋိပက္ခထက် ရခိုင်ပြည်က မီးခဲပြာဖုံးစစ်ရေးကို သူပိုမိုစိတ်ဝင်စားမှာ သေချာပါတယ်။ အဲဒါကြောင့် လက်ရှိအချိန်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း စတင်မယ်ဆိုရင်တောင် ရက္ခိုင့်တပ်တော် အေအေဘက်က ဘာမှ ဝင်ရောက်စွက်ဖက်ပြောဆိုတာမျိုးကို ရှောင်နိုင်ပါတယ်။ အေအေဟာ သူ့လုပ်ဆောင်ချက်ဖြစ်တဲ့ တည်ဆောက်ရေးနဲ့ ဩဇာဖြန့်ကျက်ရေးကိုသာ ဆက်လက်လုပ်ဆောင်နေနိုင်ပြီး သူကြေညာထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်းသာ ဆက်သွားနေပါလိမ္မယ်။
ဒီနေရာမှာ အရေးအပါဆုံးက ရခိုင့်နိုင်ငံရေးပါတီတွေရဲ့ အခမ်းကဏ္ဍလို့မြင်ပါတယ်။ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေဟာ ကျောက်ဖြူရဲ့ အရေးပါမှုကို မသိခဲ့တာလား၊ လျှို့ဝှက်ထားခဲ့ကြတာလားဆိုတာကို မသိနိုင်ပေမယ့် အနာဂတ်ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ မြန်မာဟာ ရခိုင်ကြောင့် အရေးပါလာမယ်ဆိုတဲ့ ရှု့ဒေါင့်က ဆွေးနွေးကြတာကို မတွေ့မိသေးတာက အံ့ဩစရာကောင်းပါတယ်။ ရခိုင့် နိုင်ငံရေးသမားခေါင်းဆောင် တစ်ချို့ဟာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေကို အိပ်ရာဝင်ပုံပြင်ပြောသလို အလုပ်အကိုင်အခွင့်အလမ်းရှု့ဒေါင့်က သိုက်ကျမ်းဖတ် ဆွေးနွေးကြတာကိုသာ တွေ့ဖူးပါတယ်။
ကျောက်ဖြူစီမံကိန်းနဲ့ ရခိုင်နိုင်ငံရေးကို ပြောင်းလဲဖို့ ရပ်တည်ချက်မျိုးကို မတွေ့ခဲ့ရပါဘူး။ သာမန် ဖွံ့ဖြိုးရေးကိစ္စဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာမျှဝေမှု (CSR) အစီအစဉ်လောက်ကိုစဉ်းစားရုံနဲ့ ကျောက်ဖြူစီမံကိန်းဟာ မလုံလောက်ပါဘူး။ ရခိုင်နိုင်ငံရေးဟာ တရုတ်ရဲ့ အင်ပါယာချဲ့ထွင်မှုအောက်ကို အလွယ် တကူဝင်သွားလို့မရသလို တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာ စိုးမိုးရေးဗျူဟာအတွက် မော်ဒိတ်မှာ စစ်စခန်း တည်ဆောက်မှာမဟုတ်ပါဘူး။ သူ့အကျိုးစီပွားတွေနဲ့ ပြည့်နှက်လာမယ့် ကျောက်ဖြူဟာ တရုတ်ရဲ့ စစ်ရေးနဲ့နိုင်ငံရေးအတွက် အရေးအပါဆုံးနေရာ ဖြစ်လာမှာပါ။
NLD အစိုးရဟာ (CMEC) လို့ခေါ်တဲ့ China Myanmar Economic Corridor မှာ စီမံကိန်းပေါင်းများစွာကို တစ်နိုင်ငံလုံးဖြန့်ကြက်လုပ်ဆောင်ဖို့ လက်မှတ်ရေးထိုးခဲ့တာဟာ ကျောက်ဖြူကြောင့် တရုတ်ဘက်ကရမယ့် အကျိုးအမြတ်ကို စဉ်းစားလိုက်တာဖြစ်ပါတယ်။ ဒီစီမံကိန်းကိုစတင်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ တည်ငြိမ်မှုကို အရင်ရအောင်ယူရပါလိမ္မယ်။ တရုတ်ကတော့ သူ့အကျိုးစီးပွားကို နိုင်ငံတည်ငြိမ်ရင်လည်း လုပ်လို့ရသလို နိုင်ငံမတည်ငြိမ်ရင်လည်း လုပ်လို့ရတတ်တဲ့ စွန်းအားပိုင်ရှင် ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုမှာ တရုတ်ကိုဆွဲခေါ်ပြီး လုပ်ဆောင်ဖို့ကြိုးစားခြင်းဟာ စစ်ကောင်စီအတွက် အကာအကွယ်ရကောင်း ရနိုင်ပေမယ့် နိုင်ငံရေးအတွက်တော့ ပဋိပက္ခနဲ့ မွဲတေမှု ဘက်ကိုသာ ဦးတည်စေပါလိမ္မယ်။
နောက်တစ်ခုက အဆင်သင့်ဖြစ်မှုအပိုင်းပါ မြန်မာဟာ ဒီစီမံကိန်းကြီးကိုလက်ခံဖို့ အများကြီးတည်ဆောက်ဖို့ လိုအပ်သေးတယ်လို့ မြင်ပါတယ်။ နိုင်ငံတည်ငြိမ်ရေး တည်ဆောက်ဖို့လိုအပ်နေသေးသလို မတည်ငြိမ်မှုဟာ ဖွံ့ဖြိုးရေးအတွက် ကောင်းမွန်တဲ့လမ်းစဉ်မဟုတ်ပါဘူး။ သို့သော်လည်း တရုတ်ရဲ့မူဝါဒကတော့ "ဖွံ့ဖြိုးမှ တည်ငြိမ်မည်" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတာပါ။ တရုတ်ရဲ့ တစ်ခုတည်းသော စစ်စခန်းတည်ရှိရာ အာဖရိက ဦးချိုဒေသက ဂျီဘူတီနိုင်ငံလို မညီမျှတဲ့ သွင်းကုန်၊ ပို့ကုန် ဖြစ်နေပါလိမ္မယ်။ တရုတ်နဲ့ ဂျီဘူတီနိုင်ငံရဲ့ (၂၀၀၂) က နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၄၉.၈၃) သန်းရှိခဲ့ကြပြီး တရုတ်သို့ ဂျီဘူတီရဲ့ပို့ကုန်မှာ ဒေါ်လာ (၂၀၀၀၀) ဖို့သာရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုလည်း မြန်မာအနေနဲ့ စီမံကိန်းကို အသုံးချဖွံ့ဖြိုးရေးကို စတင်မတည်ဆောက်ဘဲ ကျောက်ဖြူစီမံကိန်းလို အကဲဆတ်တဲ့အရာတွေကို ထုတ်သုံးတာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ဦးတည်သွားနိုင်သလို ထည့်ဝင်ရမယ့်ကြွေးမြီကြောင့် သီရိလင်္ကာလို အဆုံးသတ်မျိုးဖြစ်သွားနိုင်ပါတယ်။ မြန်မာစစ်ကောင်စီအနေနဲ့ ရခိုင်တွေရဲ့ နိုင်ငံရေးကို လက်ခံအသိအမှတ်ပြုမှုမရှိဘဲ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ခြင်းဟာ စစ်ပွဲနဲ့ချေမှုန်းခံထားရတဲ့ ရခိုင်က နှစ်စဉ် တစ်ဘီလီယံကျော် ပြည်ထောင်စုကို ရှာပေးထားတဲ့ ရခိုင်တို့ရဲ့ ရင်ဘတ်ထဲက နိုင်ငံရေးပေါက်ကွဲမှုတွေ ဖြစ်မလာအောင် ရခိုင်ပြည်ရဲ့ တည်ရှိတဲ့ ရခိုင်လူထုနိုင်ငံရေးရပ်တည်ချက်ကို အသိအမှတ်ပြုလက်ခံဖို့ လိုအပ်နေတယ်လို့ မြင်ပါတယ်။







