တိုင်းရင်းသားဒေသများတွင် အရေးပေါ် ကျန်းမာရေးလိုအပ်ချက်များ မြှင့်မားလာဟု EHC ထုတ်ပြန်

တိုင်းရင်းသားဒေသများတွင် အရေးပေါ် ကျန်းမာရေးလိုအပ်ချက်များ မြှင့်မားလာဟု EHC ထုတ်ပြန်

စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသားဒေသများတွင် အရေးပေါ်ကျန်းမာရေးလိုအပ်ချက်များ မြှင့်မားလာကြောင်း တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသည့် တိုင်းရင်းသားကျန်းမာရေးကော်မတီ (EHC) က ယမန်နေ့ မေလ ၆ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်ပြည်မထဲမှ လူထုများနှင့် အာဏာဖီဆန်မှု (CDM) ဝန်ထမ်းအများအပြား တိုင်းရင်းသားဒေသများသို့ ဝင်ရောက်ခိုလှုံလာမှုများကြောင့် Covid-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ခြင်းနှင့် ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးနိုင်ရန်အတွက် အရေးပေါ်လိုအပ်ချက်များ မြှင့်မားလာရခြင်းဖြစ်သည်ဟု ကော်မတီ၏ပြောခွင့်ရ စောနေထူးက ယခုလိုပြောသည်။

၎င်းက “အရင်ကတည်းက ဘဏ္ဍာရေးပိုင်းဆိုင်ရာသော်လည်းကောင်း၊ ဆေးဝါးပစ္စည်းတွေမှာလည်း အားနည်းချက်တွေ အများကြီးရှိတယ်။ အခုနောက်ပိုင်း မြို့ပြတွေကနေ ထွက်ပြေးလာတဲ့သူတွေ အထူးသဖြင့် CDM လုပ်တဲ့သူတွေ တိုင်းရင်းသားဒေသတွေမှာ ပိုပြီးတော့ ရောက်ရှိလာတာတွေ ပိုတွေ့ရတယ်။ နောက်ပြီးတော့ Covid-19 ကို ဆက်ပြီး တိုက်ဖျက်နေရတဲ့ပြဿနာကလည်း ဆက်ပြီးရှိနေတယ်။ ဒါတွေအတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယတွေက အများကြီးလိုအပ်လာတယ်” ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လာသူများကို တာဝန်ယူစောင့်ရှောက်နေစဉ် ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ကြုံတွေ့နေရသည့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများအနေဖြင့်  နိုင်ငံတကာအကူအညီများ အရေးပေါ်လိုအပ်နေကြောင်းလည်း စောနေထူးက ဆက်ပြောသည်။

အဆိုပါ လိုအပ်ချက်များအနေဖြင့် PPE ဝတ်စုံများ၊ ကိုဗစ်စမ်းသပ်ရေး စက်ကိရိယာပစ္စည်းများနှင့် ကိုဗစ်ကာကွယ်ဆေးများပါဝင်သင့်ပြီး တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ လုပ်ဆောင်နိုင်စွမ်းရှိသော ကျန်းမာရေးအခြေခံအုတ်မြစ်စနစ်များကို မြှင့်ပေးရန်လိုအပ်ကြောင်း EHC က ဆိုသည်။

ထိုသို့ ကူညီထောက်ပံ့မှုများပေးရာတွင်လည်း မြန်မာပြည်မထဲရှိ လက်ရှိ စစ်ကောင်စီမှတစ်ဆင့် တိုင်းရင်းသားဒေသများသို့ ပေးပို့ထောက်ပံ့ခြင်းမျိုးမဟုတ်ဘဲ နယ်စပ်ဖြတ်ကျော်ကူညီထောက်ပံ့မှုအနေဖြင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများသို့ တိုက်ရိုက်ကူညီထောက်ပံ့မှု ပေးသင့်ကြောင်းလည်း စောနေထူးက ပြောသည်။

“နိုင်ငံတကာအစိုးရတွေရဲ့ ကူညီပံ့ပိုးမှု ကိစ္စရပ်တွေမှာတော့ အရင်တုန်းကလို ပြည်တွင်းကိုဖြတ်ပြီးတော့ သွားနေမယ့်အစား လောလောဆယ်ဖြစ်ရှိနေတဲ့ အနေအထားအရ သူတို့ (စစ်ကောင်စီ) ဆီကနေ သွားစရာအကြောင်းမရှိဘူး။ သွားမယ်ဆိုရင် အာဏာသိမ်းစစ်ကောင်စီကိုသွားပြီးတော့ အသိအမှတ်ပြုရာကျမယ်။ လောလောဆယ်မှာ နယ်စပ်ဖြတ်ကျော်ပြီးတော့ သွားတာကပိုကောင်းတယ်” ဟု စောနေထူးက ဆက်ပြောသည်။

အလားတူ မြန်မာပြည်၏ စစ်အာဏာသိမ်းမှုတွင် (CDM) ပြုလုပ်သူများ၌ ကျန်းမာရေးဝန်ထမ်းအများအပြား ပါဝင်လာကြခြင်းကြောင့် တိုက်ရိုက်အကျိုးသက်ရောက်မှုအနေဖြင့် ကိုဗစ်ရောဂါစစ်ဆေးခြင်း၊ ကုသခြင်းနှင့် ကာကွယ်တားဆီးရေး၊ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ လူထုကျန်းမာရေးစနစ် ပြိုလှဲပြီး ထိန်းချုပ်ရန်မဖြစ်နိုင်သည့် ကပ်ရောဂါကူးစက်ပြန့်ပွားမှုများ၊ ဗိုင်းရပ်စ်ပိုးမျိုးကွဲသစ်များပေါ်ပေါက်လာခြင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကာကွယ်တားဆီးရေးကြိုးပမ်းမှုများအပေါ် ခြိမ်းခြောက်လာနိုင်ကြောင်းလည်း EHC က သတိပေးထောက်ပြထားသည်။

၎င်းအတွက် CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ကျန်းမာရေးဝန်ထမ်းများ၏ ဆောင်ရွက်နေသော ကျန်းမာရေးဝန်ဆောင်မှုများကို အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးစနစ်ဖြင့် ကင်းလွှတ်စွာရပ်တည်လုပ်ဆောင်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ကူညီမှုများ တိုးမြှင့်လုပ်ဆောင်ပေးသင့်ကြောင်းလည်း EHC က အကြံပြုတောင်းဆိုထားသည်။

ထို့အပြင် အိမ်နီးချင်းတိုင်းပြည်များဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့်ထိုင်း နိုင်ငံများအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေများတွင် လိုအပ်နေသော ကိုဗစ်ကာကွယ်ဆေးများကို လူသားချင်းစာနာမှုအရသော်လည်းကောင်း၊ လူထုအသီးသီးသို့ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရန်လည်းကောင်း သယ်ယူပို့ဆောင်ခွင့်ပြုရန်လည်း EHC က ဆက်လက်တောင်းဆိုထားသည်။

တစ်ဖက်တွင်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှတဆင့် ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) တွင် သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနကိုပါ ဖွဲ့စည်းထားသော်လည်း ကျန်းမာရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအတွက် လက်ရှိအချိန်ကာလအထိ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆွေးနွေးပြောဆိုမှုများ မရှိသေးကြောင်းသိရပြီး ဆွေးနွေးညှိနှိုင်းမှုများ ပေါ်ပေါက်လာမည်ဟု ယူဆကြောင်းလည်း စောနေထူးက ဖြည့်စွက်ပြောဆိုသည်။

တိုင်းရင်းသားကျန်းမာရေးကော်မတီ (EHC) ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်ရှိ မွန်၊ ကရင်၊ ကရင်နီနှင့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်များ စီမံအုပ်ချုပ်ရာဒေသများ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၏ နယ်စပ်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးနေသော တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၏ အဓိက မိတ်ဖက်စုဖွဲ့မှုကော်မတီဖြစ်ကြောင်း သိရသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...