နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ (၅) ကို သွားရောက်တိုက်ခိုက်မှုမျိုး လုပ်ဆောင်မည်မဟုတ်ကြောင်း နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောဆိုလိုက်သည်။
KNU တပ်မဟာ (၅) နယ်မြေအတွင်းသို့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေပြီး တပ်မဟာ (၅) ကို တိုက်ခိုက်မည်ဆိုသည့်သတင်း ထွက်ပေါ်နေမှုနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးစောချစ်သူက ယခုလို ပြန်လည်တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။
၎င်းက “ကျနော့်အနေနဲ့ ကျနော့် လူတွေကို ပြတ်ပြတ်သားသားညွှန်ကြားထားပြီးပြီ။ သူတို့ကိုသွားမပစ်ဖို့အတွက်။ အခု လှကြိုင်နဲ့ မောင်ချစ် (၎င်းလက်အောက် တပ်ရင်းမှူးနှစ်ဦး) တပ်ရင်းမှာ သွားလာလှုပ်ရှားလို့မရတဲ့အတွက် လမ်းလုံခြုံရေးသွားယူပေးဖို့ပဲ လွှတ်လိုက်တာ။ သူများပြောသလို တပ်မဟာ (၅) ခေါပူ၊ ကြာကွင်းကို တက်တိုက်ရမယ်ဆိုတာက လုံးဝမဟုတ်ဘူးဆိုတာ ပြောရဲတယ်။ တကယ်အဲ့လိုဖြစ်လာရင် ကျနော့်ကို ပြောပါ၊ ကျနော်တာဝန်ယူတယ်” ဟု ကေအိုင်စီသို့ ယနေ့ (မေ ၆ ရက်) ပြောဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိ တပ်မဟာ (၅) နယ်မြေအတွင်းရှိနေသည့် ၎င်း၏ BGF တပ်ရင်း (၁၀၁၃) နှင့် (၁၀၁၄) ၏ အကူအညီတောင်းခံမှုအရ သွားလာလှုပ်ရှားနိုင်ရန် လမ်းလုံခြုံရေး သွားရောက်ယူပေးခြင်းသာဖြစ်ပြီး စစ်ဆင်ရေးအတွက်မဟုတ်ကြောင်းနှင့် သတင်းများထွက်ပေါ်နေသကဲ့သို့ အင်အား (၅၀၀) ကျော်မရှိဘဲ ၂၀၀ ကျော်ခန့်သာရှိကြောင်းလည်း ဗိုလ်မှူးကြီးစောချစ်သူက ဆက်ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းများက ၎င်းတို့နယ်မြေထဲတွင် ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ရိက္ခာကူညီပို့ဆောင်ပေးရန် BGF အနေဖြင့် ညွန်ကြားခံထားရသောကြောင့် အင်အား ၄၀၀ ကျော်ဖြင့် ကမမောင်းဒေသတွင် ရောက်ရှိနေသည်ဟု KNU တပ်မဟာ (၅) ဘက်က ပြောဆိုထားသည်။
ထို့အပြင် ပြီးခဲ့သည့်လများတွင် KNU တပ်မဟာ (၅) ဘက်မှ စစ်ကောင်စီတပ်စခန်း (၂) ခုကို သိမ်းယူထားသည့်အပေါ် ပြန်လည်တိုက်ခိုက်သိမ်းယူပေးရန် စစ်ကောင်စီဘက်မှ BGF တပ်ဖွဲ့ဝင်များကို ညွန်ကြားထားကြောင်းလည်း သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းများက KNU တပ်မဟာ (၁) နယ်မြေတွင် ဖြစ်ပွားခဲ့သည့် ၎င်းတို့နှင့် KNU တပ်မဟာ (၁) အကြားပစ်ခတ်မှုတွင်လည်း သွားလာရန်ခွင့်တောင်းရာတွင် အညှိအနှိုင်းမခံဘဲ ၎င်းတို့၏တပ်ဖွဲ့ဝင်များကို လာရောက်ပစ်ခတ်ခြင်းမျိုးသာဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်။
လက်ရှိတွင် KNU တပ်မဟာ (၅) နယ်မြေအတွင်း ၎င်းတို့၏ တပ်ရင်း (၂) ရင်းမှ တပ်သားများအနေဖြင့် ပိတ်မိနေပြီး စခန်းအပြင်ထွက်လှုပ်ရှားသည်နှင့် အပစ်ခံရကြောင်း၊ အများအပြား ထိခိုက်ကျဆုံးသွားပြီးဖြစ်ကြောင်းနှင့် မိခင်အဖွဲ့အစည်းအနေဖြင့် ခံယူထားလျှင် သားသမီးများကို ထိုသို့ပစ်ခတ်ခြင်းမျိုးမလုပ်သင့်ကြောင်းလည်း ဗိုလ်မှူးကြီးစောချစ်သူက ဖြည့်စွက်ပြောဆိုသည်။
လတ်တလောဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှုအပေါ်တွင်လည်း BGF အနေဖြင့် လက်မခံနိုင်ကြောင်းနှင့် လက်ရှိတွင် ၎င်းတို့အနေဖြင့် စစ်ကောင်စီကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်လိုခြင်းမဟုတ်သေးသလို ၎င်းတို့၏လက်အောက်တွင်လည်း လုံးဝရှိနေခြင်းမျိုးမဟုတ်ဘဲ နှစ်ဦးနှစ်ဖက် ယုံကြည်မှုပေးနိုင်သည့်ကာလအထိ ယခုအတိုင်း ဆက်ရှိနေမည်ဖြစ်ပြီး မယုံကြည်နိုင်သည့်အခြေအနေရောက်ရှိပါက ၎င်းတို့ဆုံးဖြတ်ချက်အတိုင်း ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း BGF အထွေထွေအတွင်းရေးမှူးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းတွင်လည်း နယ်ခြားစောင့်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များကို ရာထူးမှနုတ်ထွက်ရန် စစ်ကောင်စီ (ယခင်တပ်မတော်) ဘက်မှ ဖိအားပေးခြင်းကြောင့် BGF တပ်နယ် ၄ တပ်နယ်မှူးနှင့် တပ်ရင်း ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန်မှ နုတ်ထွက်စာတင်ခဲ့သလို အလားတူ BGF ထိပ်ပိုင်းခေါင်းဆောင် ၆၇ ဦးလည်း လက်မှတ်ထိုးနုတ်ထွက်စာတင်ခဲ့သည်။
သို့သော် စစ်ကောင်စီ (တပ်မတော်) ဘက်မှ ပြန်လည်ညှိနှိုင်းဆွေးနွေးမှုအရ လက်ရှိတွင် မူလအခြေအနေအတိုင်း ဆက်လက်တည်ရှိနေသေးကြောင်း သိရသည်။
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ကို ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်၊ ဩဂုတ်လတွင် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် - DKBA မှ တပ်ရင်း ၁၂ ရင်း၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (KPF) အဖွဲ့မှ တပ်ရင်း ၁ ရင်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၇၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းပြောဆိုကြသည်။







