ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ (၅) နယ်မြေ၌ မတ်လနှောင်းပိုင်းမှစ၍ ဖြစ်ပွားခဲ့သည့် နှစ်ဖက်ထိပ်တိုက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၂၀၀ နီးပါး သေဆုံးခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ (၅) ကပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့မှစ၍ ယခုမေလဆန်းပိုင်းအထိ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၉၄ ဦးသေဆုံးပြီး ၂၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ကေအဲန်ယူဘက်မှလည်း ၉ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရှိခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။
၎င်းက “သေတဲ့အထဲမှာ ဗိုလ်မှူးကြီးတစ်ဦး၊ ဒု-ဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်ကြီးကတစ်ဦး၊ ဒု-ဗိုလ်ကြီးကတစ်ဦး၊ ဗိုလ်ကတစ်ဦး၊ အရာခံဗိုလ်ကတစ်ဦး၊ ကျန်တာကတော့ တပ်သားတွေပဲပေါ့နော်” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုတလကျော်အတွင်း စစ်ကောင်စီတပ်မှ KNU တပ်မဟာ (၅) နယ်မြေအတွင်းသို့ လေကြောင်း (၂၇) ကြိမ်တိုက်ခိုက်ပြီး လက်နက်ကြီး ၄၇ လုံးပစ်ချခဲ့ကာ နှစ်ဖက်ထိတွေ့ တိုက်ပွဲပေါင်း (၄၀၇) ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဒေသခံကျေးရွာများနှင့် တောင်ယာစိုက်ပျိုမြေများအတွင်း လက်နက်ကြီးကျည်ပစ်ခတ်မှု (၅၇၅) ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၈ ဦးဒဏ်ရာရရှိခဲ့ကာ လူနေအိမ်အလုံး ၂၀ နှင့် စာသင်ကျောင်း ၂ လုံးအပါအဝင် ဒေသခံကျေးရွာသားများ၏ ပစ္စည်းအများအပြား ပျက်စီးဆုံးရှုံးသွားခဲ့ဟု KNU တပ်မဟာ ၅ ကပြောသည်။
လတ်တလောတွင် KNU ဘက်မှ စစ်ကောင်စီ၏ ရိက္ခာလမ်းကြောင်းများကို ပိတ်ဆို့ထားမှုများကြောင့် ရိက္ခာပြတ်လပ်မှုကြုံတွေ့နေရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံလူထုများထံမှ ငွေကြေး သိန်း (၅၀) အပြင် အိမ်စီးကားတစ်စီး၊ ဆန်အိတ် (၂၀) အပါအဝင် အခြားအခြေခံစားသောက်ကုန်ပစ္စည်းများကိုလည်း အဓမ္မသိမ်းယူခဲ့ကြောင်းလည်း KNU တပ်မဟာ (၅) ၏ လချုပ်စာရင်းအရ သိရသည်။
လက်ရှိတွင် စစ်ကောင်စီဘက်မှ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် (၅၀၀) ကျော်ဖြင့် အင်အားဖြည့်တင်းမှုများရှိနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိကာ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ပိုမိုများပြားလာဖွယ်ရှိမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
နေ့စဉ် ပစ်ခတ်မှုနှင့် တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် ဖာပွန်-ကမမောင်းလမ်းအပါအဝင် ကုန်သွယ်ရေး၊ ဆက်သွယ်ရေး လမ်းကြောင်းအများအပြားကို နှစ်ဖက်တပ်များမှ ပိတ်ပင်တားမြစ်ထားခြင်းကြောင့် အရပ်သားများ တိုက်ပွဲများအကြားပိတ်မိနေကာ စားနပ်ရိက္ခာပြတ်လပ်မှုများကို ကြုံတွေ့နေကြရကြောင်း ကမမောင်းဒေသခံများက ပြောသည်။
Published
Thursday, May 06, 2021
ဖာပွန်ဒေသပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၂၀၀ နီးပါးသေဆုံးခဲ့ဟု KNU ပြော







