စစ်ကောင်စီ၏ NSPC နှင့် အပစ်ရပ် NMSP နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

စစ်ကောင်စီ၏ NSPC နှင့် အပစ်ရပ် NMSP နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

နစက စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPC နှင့် အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ NMSP တို့ နေပြည်တော်တွင် ယမန်နေ့ (ဧပြီ ၃၀ ရက်နေ့) က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲနှင့်ပတ်သက်၍ တရားဝင်သတင်းဖော်ပြမှုမရှိသော်လည်း မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ကျော်ယဲ့၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဗညားမဲ့စန်း နှင့် ပြည်တွင်းရေးရာဌာတာဝန်ခံ နိုင်ဗညားလယ်တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း မွန်သတင်းအေဂျင်စီက စုံစမ်းသိရှိရသည်။

 “သတင်းမထုတ်ဖို့ နှစ်ဖက်သဘောတူထားတယ်၊ ခြုံပြီးပြောရရင် စတိသဘောနဲ့ တွေ့ဖြစ်ကြတာပါပဲ၊ တဖက်နဲ့တဖက် ပြောဆိုဆွေးနွေးကြတာ ပြော့ပြောင်းမှုတော့ ရှိကြပါတယ်” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူ တစ်ဦးထံမှ သိရသည်။   

သို့ရာတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ငြိမ်းချင်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ထုတ်ပြန်ကြေညာချက်အရ အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဖြစ်သော်လည်း တစ်ဖွဲ့ချင်းအနေဖြင့် သီးခြားစီတွေ့ဆုံခွင့်ရှိကြောင်း PPST ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

PPST ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက“PPST အဖွဲ့ဝင်တွေမှာ သီးခြားရပ်တည်ပိုင်ခွင့်တွေ ရှိပါတယ်။ ကိုယ်အဖွဲ့နဲ့ကိုယ် သီးခြားစီသွားလုပ်လို့ရပါတယ်။ ကျနော်တို့အဖွဲ့ဆိုလည်း သီးခြားကိုယ့်ဖာသာ လုပ်လို့ရတာတွေရှိတယ်”ဟု ဆိုသည်။

အလားတူ NCA လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA နှင့် ကရင်အမျိုးသားအစည်း အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)- KNU/KNLA (PC) တို့ နေပြည်တော်တွင် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPC နှစ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

ယင်းသို့တွေ့ဆုံခဲ့ရာတွင် ပြည်ထောင်စုအဆင့်တွင် အစိုးရနှင့် Bilateral လက်မှတ်ရေးထိုးထားသည့်အတိုင်း ဒေသတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို ဆွေးနွေးပြောဆိုခဲ့ကြောင်း သတင်းများတွင် ရေးသားဖော်ပြသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LUD တို့က PPST တပ်ပေါင်းစုအဖြစ် ပူးပေါင်းဖွဲ့စည်းထားသည်။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...