ဘုရားသုံးဆူမြို့ပေါ်နေရာ ၃ ခုတွင် လက်လုပ်ဗုံး ၃ လုံးပေါက်ကွဲ

ဘုရားသုံးဆူမြို့ပေါ်နေရာ ၃ ခုတွင် လက်လုပ်ဗုံး ၃ လုံးပေါက်ကွဲ

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့လယ်ရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့၊ ထိုင်းနယ်စပ်ချက်ပွိုင့်နှင့် ရပ်ကွက် (၃) ကားဝပ်ရှော့ရုံတစ်ခုအနီး စသည့်နေရာ ၃ ခုတွင် ယနေ့နံနက် ၈ နာရီခွဲကျော်ခန့်က မိနစ်ပိုင်းခန့်ခြားပြီး လက်လုပ်ဗုံး ၃ လုံးပေါက်ကွဲခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

“လက်လုပ်ဗုံးလို့ ယူဆရပါတယ် ပေါက်ကွဲမှုတွေမှာ အသံသိပ်မကျယ်ဘူး၊ ဆိုင်ကယ် ၃ စီး ၂ ယောက်တစ်စီးစီနဲ့ နေရာ ၃ ခုမှာ သူတို့ဗုံးကိုဖောက်ခွဲတာလို့ သိရရတယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအရှေ့ဆိုတာက ပြည်ခိုင်ဖြိုးရုံးလည်းနဲ့ နီးပါတယ်၊ အဲဒီဖောက်ခွဲမှုမှာ အသံသိပ်မကျယ်တော့ လူတွေသိပ်မသိလိုက်သလိုပဲ ဒါပေမယ့် ပါလာတဲ့သေနတ်အတိုကိုလည်း သုံးလေးချက်ပစ်လိုက်တော့မှ လူတွေဟာကနဲဖြစ်သွားကြတာ”ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဆက်ဆံရေးရုံး အရာရှိတစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်အတွင်း လူအထိအခိုက်အသေအပျောက်မရှိခဲ့ကြောင်း ဘုရားသုံးဆူမြို့ အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းတစ်ဦးက ဆိုသည်။

“ကောလဟာလသတင်းတွေ သိပ်များနေတယ် ချက်ပွိုင့်ဘက်မှာ လူတစ်ယောက်သေနတ်ဒဏ်ရာနဲ့ လဲနေတယ်လို့လည်း ပြောကြတယ် ကျနော်တို့က သွားမကြည့်ရသေးဘူး ဒါပေမယ့် ကျနော်တို့ဆီမှာဝင်လာတဲ့မြေပြင်သတင်းတွေအရ လူအထိအခိုက်မရှိပါဘူးလို့ သိထားတယ်” ဟု အဆိုပါ အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းတစ်ဦးက ဆက်ပြောသည်။

သို့ရာတွင် အဆိုပါပေါက်ကွဲမှုဖြစ်စဉ်များကြောင့် မြို့ပေါ်ဆိုင်ခန်းအချို့ပိတ်သိမ်းလိုက်ကြသော်လည်း လူအများသွားလာလှုပ်ရှားမှုများက ပုံမှန်အတိုင်းပြန်လည်ဖြစ်ပေါ်သည်ဟု မြို့ပေါ် ငွေလွှဲကောင်တာတစ်ဦးက ဆိုသည်။

အလားတူ ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်တပ်အခြေစိုက်ထားသည့် တပ်ကုန်းခြံဝင်းထဲသို့ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက် ည ၁၀ နာရီအချိန်ခန့်က မော်တော်ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိလူနှစ်ဦး လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်ပေါက်ကွဲပြီးနောက် မောင်းပြန်ရိုင်ဖယ်သေနတ်ပစ်ခတ်သွားကြောင်း သတင်းဖော်ပြခဲ့သည်။

ဘုရားသုံးဆူမြို့ပေါ်တွင် စစ်အာရှင်ဆန့်ကျင်ရေးသပိတ်ကို လူအင်အားနည်းနည်းဖြင့် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့များ၏ အခြေအနေကိုလေ့လာ၍ နေ့စဉ်ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း လူမှုကွန်ရက်အင်တာနက်သတင်းတွင် တွေ့ရှိရသည်။

Photo- ထိုင်းနယ်စပ်ချက်ပွိုင့်နေရာ (MNA)

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...