ဖက်ဒရယ်ရဲ့ အနှစ်သာရ အပြည့်အ၀ရှိတဲ့ ပညာရေးစနစ်ကို ဖော်ဆောင်မယ် ”ဆိုတဲ့ ပညာရေး ဒု၀န်ကြီး ကချင်တိုင်းရင်းသူ ဒေါ်ဂျာထွယ်ပန်

ဖက်ဒရယ်ရဲ့ အနှစ်သာရ အပြည့်အ၀ရှိတဲ့ ပညာရေးစနစ်ကို ဖော်ဆောင်မယ် ”ဆိုတဲ့ ပညာရေး ဒု၀န်ကြီး ကချင်တိုင်းရင်းသူ ဒေါ်ဂျာထွယ်ပန်

ဖက်ဒရယ်ရဲ့ အနှစ်သာရ အပြည့်အ၀ရှိတဲ့ ပညာရေးစနစ်ကို ဖော်ဆောင်မယ် ”ဆိုတဲ့ ပညာရေး ဒု၀န်ကြီး ကချင်တိုင်းရင်းသူ ဒေါ်ဂျာထွယ်ပန်နဲ့ ဆက်သွယ်မေးမြန်းခြင်း။(အင်တာဗျူး)

မေး- CRPHကနေ လက်ရှိ ပညာရေးဒုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ- ကျွန်မတို့ NUG မှာ အခုလို ပါဝင်တာဟာ Kachin Political Interim Coordination team(KPICT)ကနေ ကိုယ်စားပြုပြီးမှ ပါဝင်ခြင်း ဖြစ်ပါတယ်။ အခုက ပုံမှန် အနေအထား မဟုတ်တဲ့ ဝန်ကြီးဌာန ပုံစံပေါ့နော်။ ပုံမှန်အနေအထား မဟုတ်ဘဲ တော်လှန်ရေးကာလမှာ လုပ်ရတဲ့ အလုပ်တာဝန် ဖြစ်တဲ့ အတွက်ကြောင့်မလို့ ကျွန်မတို့ ပုံစံသစ် အတွေးအခေါ် အသစ်တွေနဲ့ လုပ်ဆောင်သွားရမှာပါ။ အတတ်နိုင်ဆုံး ပါဝင် ကြိုးစားပြီး လုပ်သွားမှာ ဖြစ်ပါတယ်။

မေး- လက်ရှိအခြေအနေအရ ဘယ်လိုစတင် လုပ်ဆောင်သွားဖို့ ရှိလဲ။

ဖြေ- အခုပညာရေးဝန်ကြီးဌာနကနေ လုပ်ရမယ့် အလုပ်တာဝန်တွေက အရမ်းများပါတယ်။ ကျွန်မတို့ lmmediate Plan(ချက်ချင်းလုပ်ရမယ့် အစီအစဉ်), Medium term Plan (တာတိုလုပ်ရမယ့် အစီအစဉ်), Long term Plan(ရေရှည်လုပ်ရမယ့် အစီအစဉ်)ဆိုပြီးမှ လုပ်စရာ လုပ်ငန်းတွေက ရှိပါတယ်။ အခု စတင်လုပ်ဆောင်သွားမယ့် အပိုင်းမှာ လောလောလတ်လတ် CDMနဲ့ ပတ်သက်တဲ့ အပိုင်းပေါ့နော်။ စစ်ကောင်စီဘက်ကလည်း ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေကိုဖိအားတွေ ပေးနေပါတယ်။ အဲ့ဒီ ကိစ္စကို ဦးစားပေး ဖြေရှင်း ရမယ့် အပိုင်း ဖြစ်ပါတယ်။ ကျွန်မ‌အနေနဲ့ကတော့ ဖက်ဒရယ် ပညာရေးကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။

မေး- စစ်ကောင်စီဘက်နေ တစ်နှစ်ကို (၂)တန်းတက်မယ့် ပညာရေးစနစ်ကို လုပ်ဖို့ ပြောကြားတဲ‌့အပေါ် ဘယ်လိုမျိုး သုံးသပ်မိလဲ။

ဖြေ- ကျွန်မတို့ တိုင်းပြည်က ဒီလိုမျိုး Crisis တွေ ဖြစ်ပြီး ကျောင်းနားသွားရတာက ဒီတစ်ကြိမ်ပဲ မဟုတ်ဘူး ၈၈တုန်းက တစ်ကြိမ်၊ ၉၆တုန်းကလည်း တစ်ကြိမ် ကျောင်းတွေ နားလိုက်ရတဲ့ အချိန်ရှိတယ်။ တက္ကသိုလ်ကျောင်းတွေ နားလိုက်ရတယ်။ အခုက ပညာရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် တစ်နှစ်ကို ၁တန်းတက်တယ်ဆိုတာ တွေက တစ်နှစ်စာ သင်ရိုးညွှန်းတန်း ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သင်ရိုးညွှန်းတန်း ပြည့်မီဖို့ ကျောင်းတွေ အရည်အသွေးပြည့်မီဖို့ စီစဉ်ထားတဲ့ သင်ရိုးညွှန်းတန်းတွေ ဖြစ်ပါတယ်။ အဲ့ဒါကို တစ်နှစ်၂တန်း တက်ရမယ်ဆိုရင်တော့ သင်ကြားရေး၊ အရည်အချင်း ပြည့်မီရေး အပိုင်းမှာ အများကြီးကို လစ်ဟင်းသွားနိုင်ပါတယ်။ ကလေးတွေကို အရည်အသွေး မပြည့်မီတဲ့ ပညာရေးစနစ်ကို ရောက်ရှိသွားစေမယ့် စနစ်လို့ မြင်ပါတယ်။ ပညာရေး အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒါကို လက်ခံလို့ မရပါဘူး။

မေး- လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အပေါ် ဘယ်လို မြင်မိလဲ။

ဖြေ – မြန်မာနိုင်ငံကတော့ အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတယ်။ ပညာရေးစနစ်ဟာဆိုရင်လည်း သူများနိုင်ငံနဲ့ ယှဉ်ရင် တော်တာ်လေးကို နောက်ကျကျန်ခဲ့ရတယ်။ အခု NLDအစိုးရ လက်ထပ်မှာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါလည်း ကျွန်မအမြင်နဲ့ ကြည့်မယ်ဆိုရင် ဗဟိုချုပ်ကိုင်မှု နဲ့သွားတဲ့ centralize ပညာရေး စနစ်ဖြစ်ပါတယ် နေပြည်တော်ကနေပဲ ပေါ်လစီအားလုံးကို ချုပ်ကိုင်ထားတယ်။ ပြီးရင် တိုင်းရင်းသားဘာသာစကားတွေကိုလည်း သာမန်ကာလျှံကာမျှသာ ပါဝင်စေတယ်။ နောက်တစ်ခုက တိုင်းရင်းသားတွေဟာ သူတို့ရဲ့ ဒေသနဲ့ဆိုင်တဲ့၊ ကိုက်ညီမှုရှိတဲ့ ကိုယ့်ရဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ သမိုင်း အဲ့ဒါတွေ အားလုံးကို ထင်ဟပ်စေတဲ့ သင်ရိုးညွှန်းတန်းတွေကို သူတို့ လုပ်ခွင့် မရှိသေးပါဘူး။ ဆိုတော့ အဲ့ဒီအပိုင်းတွေမှာ ကျွန်မတို့ ဖြစ်ချင်တဲ့ ဖက်ဒရယ်ပညာရေးစနစ်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတယ်လို့ မြင်ပါတယ်။ ပေါ်လစီအရတော့ ပညာရေးလွတ်လပ်မှုရရှိရန်လို့ဆိုထားပေမဲ့ လက်တွေ့မှာ လွတ်လပ်မှု သိပ်မရှိဘူးလို့ မြင်တယ်။ ၂၀၁၄မှာ ထုတ်လိုက်တဲ့ ပညာရေးဥ‌ပဒေဟာဆိုရင်လည်း အများကြီးကို ဆက်ပြီး ပြုပြင်ပြောင်းလဲရမယ့် အရာတွေ အများကြီး ရှိနေပါသေးတယ်။

မေး- အနာဂါတ်မှာ ဘယ်လိုမျိုး ပညာရေးစနစ်ကို ဖော်ဆောင်ချင်လဲ။

ဖြေ- အဓိကကတော့ ဖက်ဒရယ်ပညာရေးကို ပုံဖော်ချင်ပါတယ်။ ဖက်ဒရယ်ရဲ့ အနှစ်သာရ အပြည့်အဝရှိတဲ့ ပညာရေး စနစ်ပေါ့နော် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပညာရေးစနစ်။ ပြည်နယ်တွေ၊ တိုင်းရင်းသားဒေသတွေ လိုလားတဲ့ ပညာရေးစနစ်၊ သူတို့ရဲ့ စာပေဘာသာစကား၊ ရိုးရာဘာသာစကားကို Safe Guard (ကာကွယ်ပေးတဲ့) ပေးတဲ့ ပညာရေးစနစ်တွေကို ပြဌာန်းခွင့် ရှိရမှာ ဖြစ်တယ်။ နောက်တစ်ခု Academy freedom(လွတ်လပ်တဲ့ ပညာရေးစနစ်)ရှိတဲ့ ပညာရေး စနစ်၊ တံခါးဖွင့်စနစ် ကျင့်သုံးတဲ့ စနစ်၊ All inclusive(အားလုံးပါဝင်နိုင်ရေး) ဖြစ်တဲ့ ပညာရေးစနစ်ကို ဖြစ်စေချင်ပါတယ်။ နောက်တစ်ခုက တက္ကသိုလ်ကျောင်းတွေဆိုရင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ တက္ကသိုလ်ကျောင်းတွေ ဖြစ် စေချင်တယ်။ ပြီးရင် အရည်အသွေး မြင့်မားတဲ့ တက္ကသိုလ်တွေလည်း ဖြစ်စေချင်ပါတယ်။ နိုင်ငံတကာနဲ့လည်း ကဏ္ဍများစွာမှာ ကူးလူးဆက်ဆံရမှာ ဖြစ်တဲ့အတွက် အင်္ဂလိပ်စာ အရည်အသွေးကို မြင့်မားစေချင်တယ်။ တက္ကသိုလ်တွေက အဓိကပေါ့နော်။ အင်္ဂလိပ်စာ အရည်အသွေးမြင့်မားတဲ့ နိုင်ငံတကာ အဆင့်ရှိတဲ့ သင်ခန်းစာတွေ ပေးနိုင်တဲ့ တက္ကသိုလ်တွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်ပါတယ်။ အဲ့ဒီလိုမျိုး ဖြစ်ဖို့ဆိုရင် အခြေခံကောင်းမှ အဆင့်မြင့်မှာလည်း ကောင်းမှာ ဖြစ်ပါတယ်။ အခြေခံပညာရေးကနေစပြီးမှ ကောင်းကောင်း အကောင်အထည်ဖော် သွားရမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်မအနေနဲ့ အခုလောလောဆယ် အနာဂါတ်မှာ ဖြစ်စေချင်တဲ့ ပညာရေး စနစ်ဖြစ်ပါတယ်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...