ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့ အကြား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သာမက က ချင်ပြည်နယ်တွင်ပါ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည်ဟု KIO/KIA က ပြောသည်။
မတ်လ ၁၁ ရက်နေ့(ယနေ့) တွင် KIA တပ်မဟာ ၉ တပ်ရင်း ၂၆ အဖွဲ့ဝင်များက ဖားကန့် မြို့နယ်၊ ဆယ်ဇင်း အနီး စခန်းကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် တပ်မတော်ဖက်မှ ၎င်းတို့အား ရဟတ်ယာဉ်များနှင့် ပြန်လည် လာ ရောက် ပစ်ခတ် တိုက်ခိုက်မှုများရှိသည်ဟု ကချင် လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ က ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “ပထမကတော့ KIA တပ်ရင်း ၂၆ ကနေ ဒီ ဆယ်ဇင်း အနီးစခန်းကို ဝင်စီးတယ်။ ဒါက တော့ မိုးလင်းတဲ့အထိပေါ့နော်။ ၃ နာရီကျော်ကတည်းကနေ မိုးလင်းတဲ့အထိ တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်။ အဲဒါနဲ့ ၈ နာရီ ဝန်းကျင်လောက်မှာတော့ ဒီ ဆယ်ဇင်းနဲ့ တာမခန်ကြားမှာ စစ်ကူလာတဲ့ တပ်ရင်း ၃၃ အဖွဲ့တွေနဲ့ ပြန်ပြီးမှ တိုက်ပွဲ ဖြစ်တယ်ဆိုတာကြားပါတယ်။ ၉ နာရီ ကျော်တဲ့ အချိန်မှာကတော့ KIA တပ်ရင်း ၂၆ ဌာနချုပ် နယ်မြေပေါ့ ရှေ့တန်း ဌာနချုပ်ပေါ့ အဲဒီ နေရာမှာ တပ်မတော်ကနေ ဟာလီကော်ပတာ ၂ စီးနဲ့ လာပြီးမှ ပစ် တယ်ဆိုတဲ့ သတင်းကြားပါတယ်။ အဲဒီ နောက်ပိုင်းကတော့ အဲဖက်က သတင်းတွေ ဘာမှမတက်တော့ဘူး အဲ လောက်ပဲ ကျနော်ကြားပါတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း KIA က တပ်မတော်ဖက်မှ ခဲယမ်းမီးကျောက် အချို့ကိုလည်း သိမ်းယူရရှိခဲ့သည်ဟု ဗိုလ် မှူးကြီး နော်ဘူက ဆက် ပြောသည်။
၎င်းက “တပ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေက ကျနော်တို့ဆီမှာ မရောက်ဘူး မရှိသေးဘူး။ ဒါပေမယ့် ခုနပြောတဲ့ ပထမဖြစ်နေတဲ့ ဒီ အနီးစခန်းကိုတော့ KIA ကနေ ဝင်ဆီးသွားတယ်ဆိုတဲ့ သတင်းလောက်တော့ ကြားပါတယ်။ အဲဒီက လက်နက်ခဲယမ်းမီးကျောက်တွေ နည်းနည်းပါးပါးတော့ သိမ်းလို့ရပြီထင်တယ်။ တပ်မ တော်ဖက်က KIA ဖက်က အသေအပျောက် ထိခိုက်ဒဏ်ရာရမှုတွေ သတင်းတွေကတော့ ကျနော် တို့ဆီမှာ ဘာမှ မရသေးဘူး” ဟု ပြောသည်။
မတ်လ ၁၁ ရက်နေ့(ယနေ့) တွင် ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် မြို့နယ်တွင်လည်း KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ဆိုသည်။
ဗိုလ်မှူးကြီးနော်ဘူက “ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ KIA တပ်မဟာ ၆ ဖက်မှာကတော့ တပ်မတော် ထိုးစစ်ဆင်တာက ၂ လ နီးပါးလောက်ရှိပြီ ၁ လကျော်ပြီပေါ့။ နေ့တိုင်းတိုင်းလို ကြိုကြားကြိုကြားတိုက်ပွဲ တွေ ဖြစ်တယ်။ အဲဖက်မှာတော့ ငြိမ်တယ်လို့ ပြောလို့ မရဘူး ဒီမနက်ကလည်း တပ်ရင်း ၈ အဖွဲ့နဲ့ နေရာကတော့ ကျနော် အတိအကျတော့ မမှတ်မိတော့ပါဘူး။ တိုက်ပွဲဖြစ်တာရှိပါတယ်။ ဆိုတော့ အဲဖက်ကတော့ အမြဲတမ်း တင်းမာ နေတဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် နှစ်ဖက် တပ်များအကြား စစ်ရေးတင်းမာနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသည် ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
တပ်မတော်မှ NLD အစိုးရထံမှ အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် KIA နှင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ သကဲ့သို့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့များနှင့်ပါ တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားနေသည်။
မတ်လ ၉ ရက်နေ့က NCA အပစ်ရပ်ထားသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တပ်မတော်တို့အကြား KNU တပ်မဟာ ၁ သထုံခရိုင်အတွင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် တပ်မတော်ဖက်မှ ၅ ဦးကျဆုံးခဲ့ပြီး KNU ဖက်မှ ထိခိုက်မှု မရှိကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် မတ်လ ၁၁ ရက်နေ့(ယနေ့) တွင် KNU တပ်မဟာ ၁ သထုံခရိုင်ဖက်သို့ တပ်မတော်မှ တပ်အင်အား ထပ်မံ ဖြည့်တင်းထားသည်ဟု ဆိုသည်။
အလားတူ မတ်လ ၉ ရက်နေ့တွင်ပင် NCA အပစ်ရပ်ထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA နှင့် တပ်မတော်တို့အကြား ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု သိရသည်။
တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များသည် စစ်အာဏာ သိမ်းယူမှုကို မလိုသောကြောင့် ဆန္ဒထုတ်ဖော် သပိတ်ဆင်နွဲနေကြသည့် ပြည်သူလူထု နှင့် တပ်သားတည်း ရှိ ကြောင်း ပြောဆိုထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည်။







