သံတွဲမြို့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူ ၄ ဦးကို ငြိမ်းစုစီနှင့် ဘေးစီမံ ပုဒ်မနှစ်ခုဖြင့် တရားစွဲ

သံတွဲမြို့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူ ၄ ဦးကို ငြိမ်းစုစီနှင့် ဘေးစီမံ ပုဒ်မနှစ်ခုဖြင့် တရားစွဲ

ထွန်းခိုင် - ရခိုင်ပြည်နယ်၊သံတွဲမြို့နယ် စစ်တပ်အာဏာသိမ်းမှု အပေါ် ဆန့်ကျင် ဆန္ဒပြ၍ ဖမ်းဆီးခံခဲ့ရသူ ၄ ဦးအား ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့ဖြင့် ပြီးခဲ့သော မတ်လ ၁ ရက်နေ့က တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။

တရားစွဲဆိုခံရသူ ၄ ဦးမှာ ဦးခင်မောင်၊ ကိုရန်ပိုင်ထွေး၊ ကိုအောင်ခိုင်မြင့်၊ မမြဝင်းတို့ဖြစ်ကြသည်။

၄င်းတို့ ၄ ဦးကို စွဲဆိုသော အမှုနှစ်ခုထဲမှ ငြိမ်းစုစီဥပဒေပုဒ်မကို မြို့နယ်ရဲမှူး သန်းလွင်က တရားလိုလုပ် စွဲဆိုခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းအောင်က တရားလိုလုပ်ပြီး စွဲဆိုခြင်းဖြစ်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးသော်ဇင်ထွဋ်က ပြောသည်။

“သူတို့ကို ဒီလတစ်ရက်နေ့က ရုံးတင်တယ်။ ရုံးတင်တော့ ကောင်မလေးနဲ့ ကောင်လေး နှစ်ယောက်ကို တစ်မှု၊ နောက်ဦးခင်မောင်ဆိုတဲ့ လူကိုတစ်မှု၊ ပြောရမယ်ဆိုလိုရှိရင် လူတစ်ယောက်စီကို ငြိမ်းစုစီနဲ့ တစ်မှုစွဲတယ်။ နောက်ဘေးစီမံနဲ့ တစ်မှုစွဲတယ်” ဟု ၎င်းက ပြောသည်။

ကိုရန်ပိုင်ထွေး၊ ကိုအောင်ခိုင်မြင့်၊ မမြဝင်းတို့သည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သံတွဲမြို့၊ မာဃလမ်းတွင် အထိုင်သပိတ်ပြုလုပ်နေစဉ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး၊ ဦးခင်မောင်မှာ ၄င်းတို့ဖမ်းဆီးခံရပြီးနောက် သွားရောက်ကြည့်ရှုစဉ် ဆန္ဒပြသူများနှင့် ရောနှောသွားကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောဆိုသည်။

“ သူတို့ကို အတူတူစစ်လို့မရတော့ဘူး။ သုံးယောက်တစ်ခါစစ်ပြီးမှ နောက်တစ်ယောက်တည်းတစ်ခါ ထပ်စစ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ စွဲထားတဲ့ပုဒ်မတွေက တူတယ်။ ဒါပေမယ့် အဖမ်းခံရတဲ့အချိန်မတူတဲ့အတွက် သူတို့ရဲ့အမှုတွေကို သီးခြားစီစစ်ဆေးမယ်အနေအထားဖြစ်သွားပါတယ်”ဟု ၎င်းကပြောသည်။

သူတို့အား အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း ဖမ်းဆီးခံရသူများထဲမှ  ဦးခင်မောင်၏ သမီး မချစ်စုလွင်က ပြောသည်။

“ အမြန်ဆုံးလွတ်စေချင်တာတစ်ခုကလွဲလို့ ကျမမှာ ပြောစရာစကားမရှိတော့ဘူး။  ကျမမှာကျန်တဲ့ ပြောဖို့ စကားမရှိတော့ဘူး။ နေရာအနှံ့မှာ ပြန်လွှတ်ပေးနေလျက်နဲ့ ကျမတို့ သံတွဲမှာ ဘယ်လိုဖြစ်လို့ ဖြစ်နေမှန်းမသိဘူး။ နောက်ထပ်လည်း ဆန္ဒပြတာတွေ မရှိဘဲနဲ့” ဟုပြောသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...