အာဏာသိမ်းစစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အသစ်နှင့် တွေ့ဆုံ ပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က ပြောသည်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP အထွေထွေ အတွင်းရေးမှူး ခူးသဲရယ်က “ကျနော်တို့ ပါတီက ပါတီမူဝါဒအရ နိုင်ငံရေး ခံယူချက် ရပ်တည်ချက်အရ ကျနော်တို့ မတက်ဘူးပေါ့နော။ ကျနော်တို့ တက်လို့လည်း အဆင်မပြေတဲ့အခါကျတော့ ကျနော်တို့ မတက်ဖို့ ဆိုပြီးတော့မှ ဆုံးဖြတ်ထားပါတယ်” ဟု ပြောသည်။
လူထုက ရွေးချယ်တင်မြောက်ထားသည့် အစိုးရမှ ဖွဲ့စည်းထားသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC မဟုတ်သည့်အတွက် ယခု UEC လက်ခံရန် ခက်ခဲသည်ဟု ခူးသဲရယ် က ဆက်ပြောသည်။
၎င်းက “ကျနော်တို့က အဓိက လူထုကနေ တရားဝင်ပြီးတော့မှ ဖွဲ့စည်းထားတဲ့ အစိုးရကနေ ပြန်လည်ဖွဲ့စည်း တာ မဟုတ်တဲ့အတွက်ပေါ့နော် ဒီအချိန်မှာတော့ ကျနော်တို့ လက်ခံဖို့က ကျနော်တို့အတွက် အခက်အခဲရှိတယ်။ အဲဒါကြောင့် မတက်ဖို့ ကျနော်တို့ ပါတီကနေ ဆုံးဖြတ်ထားတာပါ” ဟု ပြော သည်။
သို့သော် အခြားတိုင်းရင်းသား ပါတီ တစ်ခုဖြစ်သည့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ပါတီ အနေ ဖြင့် ရွေးကောက်ပွဲ ကော်မရှင် UEC အသစ်၏ ပါတီများနှင့် တွေ့ဆုံပွဲကို တက်ရောက်ရန် ဆုံးဖြတ်ထားသည် ဟု ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး က ပြောသည်။
မန်းအောင်ပြည်စိုးက “တက်မယ်လို့ စီစဉ်ထားတယ်။ အဲဒါတော့ ကျနော်တို့ ဘာမှ မပြောလိုသေးဘူး ကျနော် တို့ တက်နားထောင် ကြည့်မယ်။ အဲ့သလို ကျနော်ပြောလို့ ရအုံးမယ်နော်။ ကျနော်တို့ အခြေအနေကြည့်မယ်။ သူတို့ ဘာပြောမလဲ လက်ခံတယ် လက်မခံဘူး ဘာမှမပြောချင်သေးဘူးနော်” ဟု ပြောသည်။
ယခုတွေ့ဆုံမှုသည် အကောင်းဆုံး အခြေအနေတစ်ခု ဖြစ်လာရန် မျှော်လင့်သည်ဟု KNDP ပါတီ ဥက္ကဋ္ဌ က ပြောသည်။
လက်ရှိ အနေအထားအရ တပ်မတာ်က အာဏာသိမ်းလိုက်ခြင်းသည် တိုင်းပြည်အတွက် နစ်နာမှုကို ဖြစ်ပေါ်စေ သည့်အတွက် သက်ဆိုင်ရာဘက် ၂ ဘက်က အမြန်ဆုံးတွေ့ဆုံဆွေးနွေး အဖြေရှာရန် ကယားပြည်နယ် ဒီမိုက ရက်တစ်ပါတီ KySDP က တိုက်တွန်းသည်။
ခူးသဲရယ်က “နှစ်ဖက်စလုံးကို ကျနော်တို့ တိုက်တွန်းချင်တယ်။ ပြီးတော့မှ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့ လမ်း ကြောင်းကိုလည်း ဒါဦးတည်စေချင်ပါတယ်။ အခုလိုဖြစ်သွားတဲ့အပေါ်မှာကတော့ ကျနော်တို့ တိုင်းရင်းသား ပါ တီ အနေနဲ့လည်း လုံး၀ လက်မခံနိုင်တဲ့ အနေအထားမျိုးဖြစ်တယ်။ နောက်ပြီးတော့မှ လူထုအပေါ်မှာ ရိုက်ခတ် မှုတွေ အဲလိုဖြစ်လာတဲ့အခါကျတော့လည်း ကျနော်တို့ စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်။ ဆိုတော့ အစုအဖွဲ့ ၂ ခုဖြစ်တဲ့ တပ်မတော်နဲ့ အနိုင်ရ အစိုးရဖွဲ့နိုင်လောက်တဲ့ NLD ပါတီကနေ ပြီးတော့မှ အင်အားအကြီးဆုံး အစုအဖွဲ့ ၂ ခု ဖြစ်တဲ့အတွက် အားလုံး လူထုတွေ ထိခိုက်နစ်နာမှု မဖြစ်အောင်တော့ ဒါလမ်းကြောင်းကို ရွေးချယ်ကြဖို့ ကျနော်တို့ အနေနဲ့လည်း တောင်းဆိုတယ်” ဟု ပြောသည်။
“နောက်ပြီးတော့ ကျနော်တို့ တိုင်းရင်းသား အနေနဲ့တော့ အဓိက ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို သွားချင် တာဖြစ်တယ်။ ဆိုတော့ ဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်ပေးနိုင်တဲ့ အခြေခံဥပဒေတစ် ရပ်ကိုလည်း ကျနော်တို့ လိုချင်တာဖြစ်ပါတယ်”
ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) အနေဖြင့် ယခုတွေ့ဆုံပွဲကို တက်မတက် မဆွေးနွေးရသေးဟု ပါတီ အတွင်းရေးမှူး က ပြောသည်။
တပ်မတော်မှ စစ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မရှင်မှ နိုင်ငံရေးပါတီများနှင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တွေ့ဆုံရန် ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက် နေ့က ထုတ်ပြန်ထားသည်။







