နယ်မြေငြိမ်းချမ်းနေပြီဖြစ်သော်လည်း ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းကိုပိတ်ထားသဖြင့် ဒေသခံများသွားလာရေးအခက်အခဲကြုံနေရ

နယ်မြေငြိမ်းချမ်းနေပြီဖြစ်သော်လည်း ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းကိုပိတ်ထားသဖြင့် ဒေသခံများသွားလာရေးအခက်အခဲကြုံနေရ

ဇွဲဓန - တိုက်ပွဲများကြောင့်  ပိတ်ထားခဲ့သည့် ရသေ့တောင်-ပုဏ္ဏားကျွန်း ကားလမ်းကို နယ်မြေငြိမ်းချမ်းနေပြီဖြစ်သော်လည်း  လက်ရှိ အချိန်ထိ ဆက်လက် ပိတ်ထားသဖြင့် ဒေသခံပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် များစွာ အခက်ကြုံနေရသည်ဟု သတင်းရရှိသည်။

ရသေ့တောင်မြို့နှင့် ပုဏ္ဏားကျွန်းအကြား ကားလမ်းကို တိုက်ပွဲများကြောင့် ပိတ်ထားသည်မှာ တစ်နှစ် နီးပါးခန့်ရှိနေပြီ ဖြစ်သဖြင့် အမြန်ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံပြည်သူများက လိုလားနေကြသည်ဟု ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာနေ ကိုမျိုးမင်းထက်က ပြောသည်။

“ ဒီလမ်းကို ဖွင့်ပေးစေချင်တယ်။ ဒီလို အများပြည်သူ အသုံးပြုသွားလာနေတဲ့ လမ်းကို တာရှည်ပိတ်ထားဆိုတော့ ကျနော်တို့ ပြည်သူတွေ အလွန် အခက်အခဲဖြစ်တယ်။ ပြီးတော့ တစ်နေရာကိုသွားမယ်ဆိုရင် အချိန်ကြန့်ကြာတာတွေနဲ့ ကြုံတွေ့ရတယ်။ ဒီလို တာရှည် ပိတ်ထားတာကြောင့် အခုလက်ရှိက ကျနော်တို့ ဒေသမှာ ရေကြောင်းလမ်းကို အများစု အသုံးအပြု သွားလာနေရတယ်။ ရေကြောင်းလမ်းက ကုန်လမ်းထက် ပိုပြီး အန္တာရာယ်များတယ်” ဟု ပြောသည်။

ရသေ့တောင်မြို့နှင့် ပုဏ္ဏားကျွန်းမြို့ အကြား ဖောက်လုပ်ထားသည့် ကားလမ်းသည်  အလျား ၂၂ မိုင် ၆ ဖာလုံခန့်ရှည်လျားပြီး စစ်တွေ- ရန်ကုန် ပြည်ထောင်စု ကားလမ်းမနှင့် ဆက်သွယ်ထားသော လမ်းဖြစ်သဖြင့် လူသွားလူလာများပြားသည့် ကားလမ်းတစ်လမ်းဖြစ်သည်။  

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက  “ ကျမတို့က ဒီလမ်းကို ပြန်ဖွင့်ပေးဖို့အတွက် အနောက်ဘက်တိုင်း စစ်ဌာနချုပ်ကို စာနဲ့တင်ပြခဲ့တာလည်းရှိတယ်။ နှုတ်နဲ့တင်ပြခဲ့တာလည်းရှိတယ်။ အဲဒီလမ်းမှာ မိုင်းတွေ ရှိနိုင်တယ်။ သူတို့ ကလည်း အခုအချိန်မှာ တော်တော်များ ပြဿာနာတွေကို ဖြေရှင်းနေရတဲ့အချိန်ဖြစ်တယ်။ အဲဒီမိုင်းတွေကို ဖယ်ရှား ရှင်းလင်းပြီးမှ ဒီလမ်းကိုဖွင့်ပေးနိုင်မယ် ထင်ပါတယ်။ အဲဒါကြောင့် သူတို့က ဒီမိုင်းတွေကို ရှင်းလင်း ပေးနိုင်တဲ့အချိန်ဆိုလို့ရှိရင် ဒီလမ်းကိုပြန်ဖွင့်ပေးဖို့ဆိုတာကို ကျမတို့က အကြမ်းအားဖြင့် သိထားတယ်” ဟု ၄င်းကပြောသည်။

ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း အကြား ကားလမ်းပိုင်းကို ပိတ်ထားသဖြင့် ဒေသခံများမှာ စက်လှေငယ်များဖြင့် ရေကြောင်းကို အသုံးပြုပြီး စစ်တွေမြို့သို့ သွားလာရသလို၊ ငလပြားဆိပ်ကမ်းမှ တဆင့် မူစဲကျွန်းကို ဖြတ်ကာ ကြွီတဲမြစ်ကို ကူးတို့လှေဖြင့် ဖြတ်ပြီး စစ်တွေသို့ သွားလာနေကြရသည်။

အဆိုပါ ကားလမ်းကို တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား စစ်ရေး ပဋိပက္ခ ဖြစ်ပွားမူကြောင့်  ပိတ်ထားသည်မှာ ယခုလက်ရှိ ၁၀ လ ကျော်နီးပါး ရှိနေပြီဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် တိုက်ပွဲများလည်း မရှိတော့၍ ငြိမ်းချမ်းနေပြီ ဖြစ်သဖြင့် ၎င်းကားလမ်းကို အမြန်ပြန်ဖွင့်ပေးရန် လိုလားနေကြောင်း သိရှိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...