အာဏာရှင်စနစ်ကို လက်ခံမည်မဟုတ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်

အာဏာရှင်စနစ်ကို လက်ခံမည်မဟုတ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကိုသော်လည်းကောင်း၊ ဒီမိုကရေစီအာဏာရှင်စနစ်ကိုသော်လည်းကောင်း လက်ခံမည်မဟုတ်ဘဲ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မျက်ခြည်ပြတ်မခံဘဲ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းပါတီမှ ထုတ်ပြန်လိုက်သည်။

နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာချက်အပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ဖေဖော်ဝါရီလ ၆ ရက် နေ့စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့သည်။

ALD ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်က “စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ဟာ ဒီမိုကရေစီမဆန်ဘူး။ စစ်အာဏာရှင် တွေက သူတို့စိတ်ကြိုက် တိုင်းပြည်ကိုသူတို့စိတ်မှာကောင်းတယ်လို့ထင်တာကိုပဲ လုပ်ကြတဲ့အခါမှာ အများစုရဲ့ ဆန္ဒမပါတဲ့အတွက် သူတို့ချမှတ်တဲ့မူတွေ၊ ကျင်းသုံးလိုက်တာတွေဟာ နောက်ဆုံးပြည်သူလူထုတွေထံမှာ ကျရောက်ပြီး ပြည်သူလူထုတွေ ဆင်းရဲဒုက္ခရောက်ကြတယ်။ နိုင်ငံရေးမဖွံ့ဖြိုး ဆင်းရဲဒုက္ခရောက်ကြတယ်။ အဲဒီ အတွက် စစ်အာဏာရှင်စနစ်ကိုမလိုချင်တော့ဘူး။ အဲဒီလိုပဲ ဒီမိုကရေစီအာဏာရှင်စနစ်ကိုလည်း မလိုချင်ဘူး။ အားလုံးကိုယ်လုပ်ပိုင်ခွင့်ရတယ်ဆိုပြီး ကျန်လူတွေရဲ့ဆန္ဒကိုမယူဘဲ ကိုယ့်စိတ်နဲ့ကိုယ့်ထင်လုပ်တာတွေ ကိုလည်း ပါတီအနေနဲ့လက်မခံဘူး” ဟု ပြောသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ် များ၏ အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှကြေညာခဲ့ပြီဖြစ်ပြီး ကန့်ကွက်သူများ ကလည်း ကန့်ကွက်ထားကြပြီး အဆိုပါအမှုများကိုကြားနာရန် ပြင်ဆင်လျက်ရှိကြောင်း ALD ပါတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

သို့သော် ဤအခြေအနေတွင် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးကိုရှေးရှု၍ နှစ်ဦးနှစ်ဘက်တို့အနေဖြင့် မဲစာရင်း ကြီးမားစွာကွာဟနေမှုကို ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းကြရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းထားသည်။

“ဒီလိုအာဏာတွေ အပြောင်းအလဲဖြစ်ရင် နောက်ဆုံးဒုက္ခရောက်ကြတာက တိုင်းသူပြည်သားတွေပဲဖြစ်တယ်။ ဒါကြောင့် အမြင်ယူဆချက်တွေခြားနားတာ၊ ဆန္ဒမတူတာနဲ့ အာဏာကိုသိမ်းတဲ့ကိစ္စတွေ ပေါ်ပေါက်လာရင် လူထုနစ်နာတယ်။ ဖော်ပြချက်အရ မဲစာရင်းအကြီးအကျယ်ကွာဟမှုဖြစ်နေတယ်၊ မဲစာရင်းကွာဟမှု အကြီး အကျယ်ဖြစ်နေတယ်ဆိုရင်လည်း ဒါဟာ ပြည်ထောင်စုအချုပ်အချာအာဏာကျရှုံးသွားမှာလည်းမဟုတ်၊ ပြည်ထောင်စုကြီးပြိုကွဲသွားမှာလည်းမဟုတ်တဲ့အတွက် ဒါတွေကိုညှိနှိုင်းပြီးဖြေရှင်းကြဖို့ တိုက်တွန်းတာ ဖြစ်တယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံသမိုင်းတွင် အကြောင်းအမျိုးမျိုးပြကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ ကြပြီး စစ်အာဏာရှင်စနစ်ကိုတည်ထောင်ခဲ့ကြခြင်းက နိုင်ငံတကာအလယ်တွင် နိုင်ငံ၏ပုံရိပ်ကိုကျဆင်းစေပြီး ပြည်သူများဆင်းရဲတွင်းနက်ရခြင်း၏ အကြောင်းရင်းဖြစ်ကြောင်း သမိုင်းကသက်သေထူခဲ့ပြီဖြစ်သည်ဟု ALD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...