တပ်မတော်က အာဏာသိမ်းစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံခေါင်းဆောင်များကို ပြန်လွှတ် ပေးရန်နှင့် လက်ရှိ မြန်မာနိုင်ငံ၏ ပြဿနာများကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကူညီ ဖြေရှင်းပေးရန် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ တိုက်တွန်း တောင်းဆိုလိုက်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ယနေ့ ပြုလုပ်သည့် အစည်းအဝေးမှ တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ် သည်။
PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “အဓိကကတော့ ကျနော်တို့ အနေနဲ့ လက်ရှိ နိုင်ငံရေး အကြပ်အတည်းကို အင်အားသုံးဖြေရှင်းတဲ့ ဟာတော့ လက်မခံဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းဖို့ မူကိုပဲ ကိုင်ထားတယ်ပေါ့ဗျာ။ ဒါကြောင့်ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ခြွင်းချက်မရှိ ပြန်လွှတ်ဖို့ ဒါကတော့ ကျနော်တို့ ငြိမ်းချမ်းတဲ့ နည်းနဲ့ ပြဿနာရှင်းဖို့ ဒါကတော့ ကျနော်တို့ အဓိက တောင်းဆိုတာ ပေါ့” ဟု ပြောသည်။
ယနေ့ ကျင်းပခဲ့သည့် PPST ၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် အချက် ၇ ချက်ကို တောင်းဆို ထားပြီး အဆိုပါအချက်များထဲတွင် လက်ရှိနိုင်ငံရေး အကြပ်အတည်းအပေါ် မြန်မာ့တပ်မတော်မှ အာဏာ သိမ်းယူနေသည့် နည်းလမ်းဖြင့် ဖြေရှင်းခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖမ်းဆီးထိန်းသိမ်းထားသော ခေါင်းဆောင်များ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုသည်ဟု ထည့်သွင်းထား သည်။
လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာများ ဖြေရှင်းရန်အတွက် ကမ္ဘာ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပါဝင် ဖြေရှင်းပေးရန် PPST ၏ ထုတ်ပြန်ချက်ထဲတွင် တိုက်တွန်းထားသည်။
“အဲဒီတစ်ချက်ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီနေ့ပဲ ထိုင်ပြီလေ ဒီနေ့ မနက်ဖြန် ဆုံးဖြတ်ချက် တွေကို ကျနော်တို့က အသိအမှတ်ပြု ဆုံးဖြတ်တွေကို အတိုင်းလိုက်နာဆောင်ရွက် ဖြစ်အောင် ကျနော် တို့က အားပေးမှာပေါ့ဗျာ။ ကျနော်တို့ကတော့ ပြည်တွင်းမှာရှိတဲ့ ဒုက္ခသုက္ခ ရောက်နေတဲ့ ပြည်သူ လူထု တွေနဲ့အတူပေါ့ ကျနော်တို့ကလည်း ပူးပေါင်းဖြေရှင်းမယ်။ ကျနော်တို့လည်း ပူးပေါင်းအဖြေရှာမယ်။ အဲဒါ ကြောင့် နိုင်ငံတကာကလည်း ပါလာဖို့လိုပြီလေ ဒီကိစ္စမှာ နိုင်ငံတကာ မပါပဲနဲ့ ကိုယ့်အချင်းချင်းရှင်း လို့က တော့ လိပ်ပတ်လည်မှာ မဟုတ်ဘူးဆိုပြီး ဒါ နိုင်ငံတကာက ထိထိရောက်ရောက် ပါဖို့ပေါ့ Statement (ကြေညာချက်) လေး ဘာလေးနဲ့ မဟုတ်ပဲနဲ့ Resolution (ဆုံးဖြတ်ချက်) တွေ ဘာတွေ ချပြီးတော့ ပါဖို့ ကျနော်တို့က အဲသလိုဖိတ်ခေါ် ရတာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
ထို့အပြင် နိုင်ငံရေး ပြဿနာများကို အင်အားသုံးဖြေရှင်းခြင်း မပြုပဲ ငြိမ်းချမ်းသောနည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေးအဖြေရှာရန် တိုက်တွန်းကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို NCA လမ်းကြောင်း အတိုင်း ရပ် တည်ပြီး NCA-S EAO မှ ဆောင်ရွက်သွားမည်ဟု PPST ပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “တစ်ဖက်က NCA ထိုးထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားမှာပေါ့ဗျား။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရပ်နားထားလို့ မရဘူး။ ဘယ်လို အခြေအနေမျိုးမှာ မဆို ဒီလုပ်ငန်းက ဆက် လုပ်ရမယ်ဆိုတော့ ဘယ်လိုကာလမျိုးမှာ ဖြစ်ဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့က လက်မ လွတ်ပဲနဲ့ ဆက်လက်ဆောင်ရွက်မယ် ဆောင်ရွက်တဲ့နေရာမှာလည်း NCA သတ်မှတ်ပြဌာန်း ချက်အတိုင်း လုပ်မယ်ပေါ့ ရှေ့လုပ်ငန်းစဉ်ကတော့ အဓိက အဲဒါပါပဲ” ဟုပြောသည်။
ကမ္ဘာ့ ကပ်ရောဂါ COVID- 19 ကြောင့် လည်းကောင်း လက်ရှိ နိုင်ငံရေး ပြဿနာအပေါ် အင်အားသုံး ဖြေရှင်းခြင်းကြောင့် လည်းကောင်း၊ ပြည်သူလူထုတစ်ရပ်လုံး တွေ့ကြုံရသော အခက်အခဲများကို သဘောပေါက်နားလည်ပြီး ပြည်သူလူထုနှင့်အတူ ပူးပေါင်းဖြေရှင်းသွားမည်ဟု PPST က ပြောသည်။
NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ မြန်မာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်း အမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက် တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲရလဒ်သည် တရားမျှတမှု မရှိဟုဆိုကာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းယူခဲ့ပြီး အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ အချို့ကို ဖမ်းဆီးထိမ်းသိမ်းထားခဲ့ကြသည့်အတွက် အမြန်ဆုံး ပြန်လွှတ်ရေးပေးရန် NCA အပစ်ရပ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပြင် အဖွဲ့အစည်း အသီးသီးမှ တပ်မတော်အား တောင်းဆိုထားကြသည်။







