မာန်အောင်မှ သန္တာကျောက်တန်းတွေ့ရှိခဲ့သည်ကျေးရွာကို CBT ကျေးရွာအဖြစ် ဖော်ဆောင်သွားမည်

မာန်အောင်မှ သန္တာကျောက်တန်းတွေ့ရှိခဲ့သည်ကျေးရွာကို CBT ကျေးရွာအဖြစ် ဖော်ဆောင်သွားမည်

သီဟ၊ အောင်ကောင်းဇော် — ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ထဲမှ သန္တာကျောက်တန်းတွေ့ရှိခဲ့သည့် ပြင်ကောက်ကျေးရွာကို လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) ကျေးရွာအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယခုကဲ့သို့ဖော်ဆောင်ခြင်းမှာ မာန်အောင်ကျွန်းအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ တစ်စိတ် တစ်ပိုင်းဖြစ်ပြီး ရခိုင်ပြည်နယ်၏ ပထမဆုံးသော CBT ကျေးရွာတစ်ခုဖြစ်လာမည်ဖြစ်သည်။

လက်ရှိတွင် ဧည့်သည်များလာပါက ဝန်ဆောင်မှုပေးနိုင်ရန် ထိုက်သင့်သည့်ဝန်ဆောင်မှုများပြင်ဆင်ပြီးနေပြီ ဖြစ်ကာ လာရောက်ည်ပတ်ရန်အဆင်သင့်ဖြစ်သည်နှင့် သက်ဆိုင်ရာဌာန၏ Page မှတစ်ဆင့် ကြေငြာ သွားမည်ဟု ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ခံ ဦးရဲအောင်မိုးကဆိုသည်။

“CBT ရဲ့ သဘောသဘာဝအတိုင်း လာတဲ့ဧည့်သည်တွေ နားနေလို့ရအောင် နေရာထိုင်ခင်းလေးတွေ ပြင်ဆင် ရတယ်။ နောက်တစ်ခါ ဧည့်သည်တွေရဲ့သုံးစွဲတာတွေဟာ ဒီကျေးရွာကလူထုတွေအပေါ်ကို စီးဆင်းသွားစေ ချင်တာပေါ့။ အဲ့ဒီရွာမှာဆိုလည်း ငပုတ်ခြောက်တွေကို စနစ်တကျဘယ်လိုထုပ်ပိုးပြီး ဧည့်သည်တွေကို ဘယ်လို ဆွဲဆောင်မလဲဆိုတာကို အသိပညာပေးထားတာမျိုးတွေရှိတယ်” ဟု ၎င်းကပြောသည်။

ယင်းအပြင် ဧည့်သည်များအား ညဘက်တွင်ဖျော်ဖြေရန်အတွက်လည်း မြန်မာ့ရိုးရာဆိုင်းဝိုင်းများကို ပြင်ဆင်ထားမှုများရှိကြောင်းလည်း သိရသည်။

“CBT ကတော့ ဧည့်သည်တွေလာရင် အဆင့်လိုက် ဝန်ဆောင်မှုပေးလို့ရအောင်လို့ ထိုက်သင့်သလောက် ပြင်ဆင်ပြီးနေပြီ။ ဧည့်သည်တွေကတော့ လောလောဆယ်လာလည်ဖို့အတွက်တော့ နည်းနည်း အခက်အခဲတော့ ရှိနေတာပေါ့” ဟု ဦးရဲအောင်မိုးက ဆိုသည်။

မာန်အောင်ကျွန်းတွင် လှပဖြောင့်ဖြူးသောကမ်းခြေ အများအပြားရှိနေသဖြင့် မာန်အောင်ကျွန်းသို့ ခရီးသွား ဧည့်သည် များစွာဝင်လာရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

လက်ရှိပြင်ကောက်ကျေးရွာတွင် ဖျော်ဖြေရေးကဏ္ဍအတွက် ပတ္တလား၊ ခြောက်လုံးပတ်၊ ဂစ်တာ၊ မယ်ဒလင်၊ တယော၊ ပလွေစသော တူရိယာများနှင့် ဟန်အကများကိုပါ လေ့ကျင့်နေကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမှာ ခြောက်လုံးပတ်ရှိတယ်။ နောက်ပြီး ဝါးပတ္တလားရှိတယ်။ နောက်ပြီးတယော၊ မယ်ဒလင်၊ ဂစ်တာ၊ ပုလွေ အစုံရှိတယ်။ အမျိုးသမီးရော အမျိုးသားရော ညဘက်ရောက်ရင်ကကြတယ်၊ ဆိုကြတယ်။ မြန်မာသံဇဉ်တွေ၊ ရခိုင့်ရိုးရာတွေရောပါတယ်” ဟု တီးဝိုင်းခေါင်းဆောင်ဖြစ်သူ ဦးရွှေသာဦးက ပြောသည်။

ပြင်ကောက်ကျေးရွာဒေသခံများအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန် ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်နိုင်ဖို့ တာဝန်ရှိသူများမှ ဘာသာစကားပြောသင်တန်းများဖွင့်လှစ်ပေးရန်လည်း မျှော်လင့်နေကြသည်။

“ခရီးသွားလုပ်ငန်းတွေဖြစ်လာရင် စကားပြန်လိုလာပြီ။ စကားပြန်ဖို့ဆိုရင် သူတို့ရဲ့စကားတွေကို ကျွန်တော် တို့ကတတ်ဖို့လိုတယ်။ အလုပ်ရမယ့်သူတွေရှိမယ်၊ အလုပ်မရမယ့်လူတွေရှိမယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ စကားတွေကို ကျွန်တော်တို့တတ်ဖို့လိုတယ်” ဟု ပြင်ကောက်ကျေးရွာဒေသခံ ကိုကျော်လင်းဦးကပြောသည်။

လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT)ကျေးရွာများကို မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အသီးသီး၌ တွင်တွင်ကျယ်ကျယ်လုပ်ဆောင်နေကြပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် ယခု ပထမဆုံးအကြိမ် စတင်အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...