စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသား များအား ပြန်လွှတ်ပေးရန်လှုပ်ရှားမှုပြုလုပ်

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသား များအား ပြန်လွှတ်ပေးရန်လှုပ်ရှားမှုပြုလုပ်

ဉာဏ်ဟိန်း - မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်အသီးသီး၌ ဖမ်းဆီးထိန်းသိမ်းခံ ထားရသော ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ ပြန်လွှတ်ရေးအတွက် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့မဈေးကြီးတွင် လက်ကမ်းစာစောင်များဖြန့်ဝေသည့် လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

ယင်းလှုပ်ရှားမှုတွင် ရခိုင်တိုက်ပွဲအတွင်း ပျောက်ဆုံးသွားသော တင်းမကျေးရွာသားများနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရသောသူများအတွက် တရားမျှတမှုရရှိရေး၊ 4G Internet ပိတ်ထားသော ရခိုင်ပြည်နယ်မှ မြို့နယ်အချို့အား 4G Internet ပြန်ဖွင့်ပေးရေး၊ ကိုဗစ်ကိုအကြောင်းပြ၍ ကျောင်းသား များအား တရားရုံးတင်စစ်ဆေးခြင်းမပြုဘဲ လပေါင်းများစွာကြာအောင် အကျဉ်းထောင်များ၌ ချုပ်နှောင်ထားခြင်းများအား ချက်ချင်းရပ်တန့်ပေးရေးကိုလည်း တောင်းဆိုခဲ့ကြသည်။

“Arakan In The Drakaness ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီးတော့ ဒီကမ်းပိန်ကိုပြုလုပ်ရတာဖြစ်တယ်။ ဒီအထဲမှာတော့ မြန်မာနိုင်ငံအတွင်းမှာပေါ့နော် စစ်ရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိပြန်လွှတ်ပေးစေချင်တယ်” ဟု စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအစိုးရလက်ထက် (၄)နှစ်ကျော်ကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုသဖြင့် တရားစွဲဆိုခံရသူ ၁၀၅၁ ဦးရှိပြီး တရားစွဲဆိုထားသည့် အမှုပေါင်း (၅၃၉)မှုရှိကြောင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အရေးဆောင်ရွက်နေသည့် အသံအဖွဲ၏ အစီရင်ခံစာအရ သိရသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့သဖြင့် တရားစွဲဆိုခံထားရသူ ၆၀ ကျော်ရှိပြီး ဖမ်းဆီးခံရကာ ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၀ ကျော်ရှိကြောင်းလည်း သိရသည်။

“တင်းမကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့ပျောက်ဆုံးသွားတာက တော်တော်ကြာနေပြီ။ ပြီးတော့ ကျနော်တို့က သတင်းတွေမှာဖတ်ရတာ မိသားစုတွေက တရားဥပဒေအရတရားစွဲတာတောင် ခြိမ်းခြောက်မှုတွေရှိတယ်လို့ ကျနော်တို့မြင်တွေ့ရတယ်။ ဒါဟာ ဒီမိုကရေစီဆိုတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပြည်သူတွေကို အကာအကွယ်မပေးနိုင်ဘဲ ခြိမ်းခြောက်ခံရတာကို ကျနော်တို့ကဖော်ထုတ်ချင့်တဲ့အနေနဲ့ တောင်းဆိုရတာဖြစ်တယ်” ဟု ကိုတိုးတိုးအောင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နှင့် ၁၆ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုသည် တင်းမကြီး ကျေးရွာနှင့် တင်းမသစ်ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ရွာသား(၅၀)ကျော်အား ဖမ်းဆီးစစ်ဆေးမှုများပြု လုပ်ကာ ယင်းထဲမှ ရွာသားအချို့အားစစ်ဆေးပြီးနောက်ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ရွာသား ၁၈ ဦးတို့မှာ ပြန်လွှတ်မလာခဲ့ဘဲ ယနေ့အထိ သတင်းအစအနပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်တချို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် 4G အင်တာနက်လိုင်း ရရှိစေရန်အတွက် အကြိမ်ကြိမ်တောင်းဆိုမှုများ ရှိခဲ့သော်လည်း အစိုးရမှ လိုက်လျောမှုမရှိသဖြင့် အစိုးရကို အယုံအကြည်မရှိကြောင်းလည်း ကိုတိုးတိုးအောင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေက အစိုးရက ကြိုတင်အသိမပေးဘဲ အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။

ယင်းနောက် ၂၀၂၀ ပြည့်နှစ် မေလ ၂ ရက်နေ့တွင် မောင်တောမြို့နယ်ကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့တွင် ကျန်မြို့နယ်များကို မြန်နှုန်းနည်း 2G အင်တာနက်လိုင်းသာ ပြန်ဖွင့်ပေးခဲ့သည်။

ယင်းသို့ အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသည်မှာ လက်ရှိတွင် တစ်နှစ်နှင့်ခုနှစ်လခန့် ကြာမြင့်လာခဲ့ ပြီဖြစ်သည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...