အစိုးရသစ် သက်တမ်းတွင် အလုပ်သမားများ၏ အခွင့်အရေးကို အကာ အကွယ်ပေးမည့် ဥပဒေများ၊ မူဝါဒများအား ရေးဆွဲပြဌာန်း အကောင်အထည်ဖော်ရန် ကချင်ပြည်နယ်ရှိ ရွှေ့ပြောင်းအလုပ်သမားများက တောင်းဆိုလိုက်သည်။ကချင်ပြည်နယ်ရှိ ဝိုင်းမော်မြို့နယ် စင်ကြိုင်ကုမ္ပဏီ၏ တရုတ်တစ်သျှူး ငှက် ပျောခြံတွင် မကွေးတိုင်း ချောက်မြို့နယ်မှ လာရောက် အလုပ်လုပ်ကိုင်နေသည့် ဦးခင်မောင်ဝင်းက “ဒီအောက်ခြေက ဆင်းရဲသား အလုပ် သမား လူတန်းစား တကယ့် အခွင့်အရေး ရမယ့် ပုံစံမျိုးကိုပေါ့လေ ဒါလေးတွေကိုတော့ တိတိကျကျ မှန်မှန် ကန်ကန်လေးနဲ့ သူတို့ ဥပဒေလမ်း ကြောင်းလေး ဆွဲပြီးတော့မှ ဆောင်ရွက်ပေးမယ် ဆိုရင်တော့ ဒီ အောက် လက်က မရှိဆင်းရဲသား လုပ်စားတဲ့ လူတွေ အဆင်ပြေမယ်လို့ထင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ အရပ်ရပ်မှ ကချင်ပြည်နယ်သို့ ရောက်ရှိနေသည့် ရွှေ့ပြောင်း အလုပ်သမားများမှာ လုပ်ခ လစာ မရရှိရေးသော ပြဿနာများ ကြုံတွေ့နေရသည့်အပြင် အဖက်ဖက်မှ ၎င်းတို့၏ အခွင့်အရေးများ ဆုံးရှုံးနေရ သည့်အတွက် ဥပဒေများကို ရေးဆွဲပြဌာန်ပေးရန် အစိုးရသစ်အား တောင်ဆိုးရခြင်းဖြစ်သည် ဟု ပြော သည်။
“နို့မဟုတ်ရင် ကျနော်တို့ ပြောမယ်ဆိုရင်တော့ ဒီဥပဒေမှာ သူတို့ သတ်မှတ်ချက် ကောင်းကောင်း စည်းမျဉ်း စည်းကမ်းဆွဲမထားဘူးဆိုရင် ကျနော်တို့က ဒီဆင်းရဲသားတွေက ဒီဘဝက ဒီနွံ ထဲက ဘယ်လိုမှ မတက်နိုင်တော့ဘူး။ အဲတော့ ကျနော်တို့ ဒီမိုကရေစီဆိုတာ လူတန်းစား မခွဲခြားဘူး ဆင်း ရဲချမ်းသား တူတူ ဖြစ်ရမယ် ဒီပုံစံနဲ့ သွားနေကြတာလေ။ အဲလိုလေးဖြစ်အောင်တော့ ကျနော်တု့ိကို စွမ်း ဆောင်ပေး စေချင်တာပေါ့။ အခုအစိုးရအသစ်ကိုလည်းလေ ဒါလေးတွေတော့ ကျနော်တို့ တောင်းဆို ချင် တာပေါ့” ဟု ဦးခင်မောင်ဝင်းက ဆက်ပြောသည်။
COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကချင်ပြည်နယ်ရှိ တရုတ်တစ်သျှူး ငှက်ပျောခြံတွင် အလုပ်လုပ်နေသည့် အလုပ်သမား အများစုကို အလုပ်ရှင်က လုပ်ခလစာ မပေးပဲ ထွက်ပြေးခြင်း၊ အလုပ် သမားများက သက်ဆိုင်ရာသို့ တိုင်ကြားထားသော်လည်း ပြေလည်မှု ရရှိအောင် တစ်စုံတစ်ရာ ဖြေရှင်းပေး နိုင်ခြင်း မရှိသည့်အတွက် အလုပ်သမားများမှာ အားကိုးရာမဲ့ဖြစ်နေသည်ဟု ရွှေ့ပြောင်း အလုပ်သမားများက ဆိုသည်။
ဝိုင်းမော်မြို့နယ်ရှိ ဘော်လာကုမ္ပဏီ၏ တရုတ် တစ်သျှူး ငှက်ပျော စိုက်ခင်းခြံတွင် အလုပ်လုပ်နေသည့် ဦးတင်ဝင်းကလည်း “တရုတ်က လာလုပ်တယ် အမြတ်ရရင် လုပ်မယ် အမြတ်မရရင် သူကထွက်ပြေးမယ်။ ကျနော်တို့က အာမခံချက် မရှိဘူးဖြစ်နေတယ်လေ။ အမှန်က အဲလို မလုပ်သင့်ဘူး မဖြစ်သင့်ဘူးလို့ ဘကြီး တို့က မြင်တယ်။ အဲတော့ အဲဒီဟာတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ အစိုးရမျိုး ဖြစ်စေချင် ပါတယ်။ အလုပ်သမားတွေရဲ့ နစ်နာမှုကိုလေ အခုက မဖြစ်ဘူး ဖြစ်နေတယ်လို့ ဘကြီးမြင်ပါတယ်။ တောင်းဆိုချင် တာကတော့ အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့ အစိုးရ တစ်ရပ် ဖြစ်ပါ စေလို့ပဲ တောင်းဆိုချင်ပါတယ်” ဟု တောင်းဆိုသည်။
ထိုပြဿနာများကို ဖြေရှင်းရန်အတွက် အစိုးရသစ်အနေဖြင့် မူဝါဒတိတိကျကျ ချမှတ်ကာ ကြိုတင်ပြင်ဆင် လုပ်ဆောင်ထားရန် လိုသည်ဟု အစိမ်းရောင် အလင်းတန်များ အသင်း (KCWG) မှ Program Manager ဦးဘရန်အောင်က အကြံပြုတိုက်တွန်းသည်။
ဦးဘရန်အောင်က “အခု လာမယ့် အစိုးရသစ်ကလည်း ဘယ်လိုပြင်ဆင်မလဲပေါ့ ဘယ်လိုကိုင်တွယ် မလဲ ဘယ်လိုဖြေရှင်းမလဲ ဆို တဲ့အပိုင်းက အစိုးရဟာ ပြည်သူလူထုနဲ့ ဒီထက်ပိုပြီး နီးကပ်တဲ့ ချည်းကပ်မှုမျိုးနဲ့ ကုမ္ပဏီတွေအပေါ်ကို ဘယ်လိုထိန်းကြောင်းကြမလဲပေါ့။ ထိန်းကြောင်းတယ်ဆိုတာက ကျနော်တို့က ထိန်း ချုပ်တာ မဟုတ်ဘူး။ နည်းမှန်လမ်းမှန်နဲ့ စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေကို အစိုးရကလည်း အကျိုး အမြတ်ရသလို အခွန်အခတွေ ပြည်သူလူထုတွေကလည်း သူတို့ရဲ့ အကျိုးအမြတ်ပိုင်း ဆိုင်ရာကို ရဖို့ အတွက် ရွေ့ပြောင်းလုပ်သားတွေကလည်း သူတို့ရဲ့ လုပ်အားခ လစာတွေကို အပြည့်အ၀ ရဖို့အတွက် လမ်း ကြောင်း တွေကို အကောင်အထည်ဖော် ပြင်ဆင်သင့်တယ်ပေါ့ လာမယ့် အစိုးရအသစ်မှာ” ဟု ပြောသည်။
မြန်မာနိုင်ငံ အရပ်ရပ်မှ ကချင်ပြည်နယ်သို့ လာရောက် အလုပ်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းအလုပ်သမား ဦးရေမှာ သိန်းနှင့် ချီရှိနေပြီး ထိုရွှေ့ပြောင်းအလုပ်သမားများမှာ ကျောက်စိမ်းတူးဖော်ခြင်း၊ သတ္တု နှင့် ရွှေ တူးဖော်ခြင်းလုပ်ငန်းများအပြင် ငှက်ပျောစိုက်ခင်းများနှင့် ကြုံရာ ကျပန်းအလုပ်များတွင် အလုပ်လုပ်ကိုင် နေကြသည်။
ထို့ရွှေ့ပြောင်း အလုပ်သမားများအနက်မှ တရုတ် တစ်သျှူးငှက်ပျောခြံ အလုပ်သမား အများစုမှာ လုပ်ခ လစာ မရှိပဲ အလုပ်ရှင်များက ထွက်ပြေးတိမ်းရှောင်သွားသည့်အပြင် အခြားအခွင့်အရေးများလည်း ဆုံးရှုံး နေသည့်အတွက် မကြာမှီ ပြန်လည်ဖွဲ့စည်းတော့မည့် အစိုးရသစ်မှ ရွေ့ပြောင်း အလုပ်သမားများ ကြုံတွေ့ နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးရန်နှင့် အကာအကွယ်ပေးရန် တောင်းဆိုခြင်းဖြစ်သည် ဟု ရွှေ့ ပြောင်းအလုပ်သမားများက ဆိုသည်။







