ငါးဈေးကွက်ခိုင်မာရေးနှင့် အစိုးရထောက်ပံ့ကြေးလိုအပ်ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းရှင်များဆို

ငါးဈေးကွက်ခိုင်မာရေးနှင့် အစိုးရထောက်ပံ့ကြေးလိုအပ်ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းရှင်များဆို

ယဉ်ထောမွန် — ကိုဗစ်ကာလအတွင်း ငါးဈေးနှုန်းကျဆင်းနေမှုနှင့် ငါးဖမ်းဆီးရရှိမှုနည်းပါးသောကြောင့် ငါးဈေးကွက်ခိုင်မာရေးနှင့် အစိုးရထောက်ပံ့ကြေးလည်းရရှိလိုကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းရှင်များက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ငါးဖမ်းဇုန်တစ်ခုဖြစ်သည့်ကျိုက္ခမီမြို့ ငါးလုပ်ငန်းရှင်များအနေဖြင့် ကိုဗစ်ကာလထောက်ပံ့ကြေးအတွက် ငါးဖမ်းလှေ ၃၈ စီးလျှောက်ထားသည့်အနက် စက်လှေ ၈ စီးသာ ထောက်ပံ့ကြေးရရှိခဲ့ကြောင်း ကျိုက္ခမီမြို့ငါးလုပ်ငန်းရှင် ကိုကျော်မင်းဝင်းက ပြောသည်။

“ဒီဇင်ဘာလက ရတာပေါ့၊ စက်လှေ ၈ စီးအတွက် စုစုပေါင်းသိန်း ၇၀၀ ဆိုတာက ကျွန်တော်တို့ တစ်ရာသီစာ လှေတစ်စင်းစာလောက်ပဲ လည်ပတ်လို့ရတယ် ဖြစ်နိုင်ရင်တော့ ဒီထက်ပိုထောက်ပံ့ပေးစေချင်တယ်၊ နောက်ပြီးကျွန်တော်တို့ အဓိကလိုချင်တာက ဈေးကွက်ပေါ့နော် ဖမ်းသမားတွေဖြစ်တဲ့အတွက် ကိုယ်တိုင်လုပ် ကိုယ်တိုင်ဈေးကွက်ရှာဆိုတော့ ကိုယ်တိုင်တွန်းလို့မရွေ့နိုင်တာတွေလည်း ရှိတာပေါ့ ” ဟု ကိုကျော်မင်းဝင်းက ဆိုသည်။

ပြည်တွင်းပြည်ပဈေးကွက်ကို အစိုးဆောင်ရွက်ပေးမည်ဆိုပါက မိမိတို့အနေဖြင့်လိုက်ပါရန် အဆင်သင့်ရှိနေပြီး အရည်အသွေးပြည့်မှီစွာ ပိုမိုထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

သို့ရာတွင် ငါးလုပ်ငန်းသည် အခြားလုပ်ငန်းများထက် ကုန်ကျစရိတ်များသည့်အပြင် အစိုးရထံတင်သွင်းရမည့်  လိုင်စင်၊ အခွန်၊ အမြတ်ခွန်စည်းကြပ်မှုများလည်း ပုံစံအမျိုးမျိုးရှိနေသောကြောင့် မိမိတို့အခွင့်အလမ်းများကို မိမိတို့အပြည့်အဝခံစားလိုကြောင်း ကျိုက်ခမီမြို့မှ ငါးလုပ်ငန်းရှင် ဦးသက်ဝင်းပိုင်က ပြောသည်။

“အစိုးရကို ပေးရမယ့်နှုန်းထားကို ကျွန်တော်တို့ ငါးလုပ်ငန်းအဖွဲ့က တာဝန်ကျေစွာပေးတယ်၊ အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အပြည့်အဝမခံစားရဘူး၊ အဲ့တော့ လှေရှင်တွေကမကျေနပ်ကြဘူး” ဟု ဦးသက်ဝင်းပိုင်က ဆိုသည်။

လက်ရှိကိုဗစ်ကာလအတွင်း မွန်ပြည်နယ် ငါးလုပ်ငန်းရှင်များအရှုံးခံ၍ လုပ်ကိုင်နေကြရပြီး မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ အနည်းငယ်ကူညီရောင်းချပေးနေကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းရှင်များဥက္ကဌ ဦးမြင့်စိုးက ပြောသည်။

“သူတို့ရောင်းပေးတာက အကျိုးထိရောက်မှုသိပ်မရှိဘူး၊  ထွက်ကုန်နဲ့ရောင်းအား ၁၀ ဆလောက်ကွာတယ်၊ ဒီလိုပဲပေါ့ ဒေသငါးဖမ်းလုပ်သားတွေ အလုပ်လက်မဲ့မဖြစ်အောင်တော့လည်ပတ်နေရတယ်” ဦးမြင့်စိုးက ဆိုသည်။

မွန်ပြည်နယ်တွင် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ် ၁၀၀၀ ကျော်ခန့်ရှိပြီး ဖမ်းဆီးရရှိသည့်ငါးများကို မော်လမြိုင် ငါးအဝယ်ဒိုင်ကြီးများမှတစ်ဆင့်  မွန်ပြည်နယ်(၁၀)မြို့နယ်သို့ရောင်းချ နေသည့်အပြင် ရန်ကုန်သို့လည်းတင်ပို့နေကြောင်း သိရသည်။

March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...