ကျောက်တော်မြို့နယ် မာလာကျေးရွာက စပါးတောင်း (၇၀၀) ကို တပ်မတော်သားများ ယူဆောင်သွားဟုဆို

ကျောက်တော်မြို့နယ် မာလာကျေးရွာက စပါးတောင်း (၇၀၀) ကို တပ်မတော်သားများ ယူဆောင်သွားဟုဆို

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာ (ရခိုင်) ကျေးရွာတွင် ရွာသားများစစ်ဘေးရှောင်နေကြချိန် တပ်မတော်သားများမှ စပါးတောင်း (၇၀၀) ကို ယူဆောင်သွားသည်ဟု ကျေးရွာသားများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၇) ရက်နေ့က ယင်းကျေးရွာအနီး မျောက်တော်တောင်၌ တပ်စွဲနေထိုင်နေသည့် တပ်မတော်သားများသည် စပါးတောင်း (၇၀၀) ကို ထော်လာဂျီများဖြင့်တင်ယူကာ မာလာ (မြို) ကျေးရွာ ဆန်စက်၌ လာရောက်ကြိတ်ခိုင်းခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက DMG သို့ ပြောသည်။

“သူတို့ (တပ်မတော်သား) ငါးယောက်၊ ခြောက်ယောက်လောက်က လာပြီးတော့ ဒီစပါးကို ကြိတ်ပေးဆိုပြီး ခိုင်းတယ်။ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ သူတို့ခိုင်းတဲ့ အတိုင်းလုပ်ပေးရတာပဲ။ ရွာမှာ ဆန်စက် ၂ လုံးရှိတယ်။ သူတို့ (တပ်မတော်သား) လာပြီဆိုရင် ရွာမှာရှိတဲ့ ဆန်စက်ပိုင်ရှင်တွေက အလှည့်ကျကြိတ်ပေး ရတယ်” ဟု ၎င်းကပြောသည်။

တပ်မတော်သားများမှာ ပြီးခဲ့သည့်နှစ်၊ မိုးရာသီကတည်းကပင် မာလာ (ရခိုင်) ကျေးရွာမှ စပါးများကို ယူဆောင်ကာ ဆန်စက်၌ လာရောက်စပါးကြိတ်နေကျဖြစ်ကြောင်းလည်း ၎င်းက ဆက်ရှင်းပြသည်။

အဆိုပါကျေးရွာတွင် ရွာသားများထွက်ပြေးလာစဉ်က စပါး‌တောင်းနှစ်သောင်းရှစ်ထောင်ကျော် ကျန်ရှိခဲ့သော်လည်း လက်ရှိတွင် တပ်မတော်သားများ ယူဆောင်နေမှုကြောင့် တစ်ဝက်နီးပါးတောင်မရှိတော့ကြောင်း မာလာကျေးရွာ ရာအိမ်မှူးဦးသန်းလှိုင်က ပြောသည်။

“ဆန်စက်ပိုင်ရှင်တွေက ခင်ဗျားတို့ရွာက စပါးတွေရောက်နေတယ်ဆိုပြီး ဖုန်းဆက်လို့သိရတယ်။ အရင်လည်း အဲလိုပဲ လာကြိတ်နေကျတဲ့။ သူတို့လည်း ဘာမှတတ်နိုင်တာမှမဟုတ်တာ။ ခိုင်းရင်လုပ်ရတာပဲကို။ ကျနော်တို့ကတော့ ဘာမှမထူးတော့တဲ့အဆုံး သူတို့ယူလို့ ကျန်နေသေးတဲ့ အကြွင်းအကျန်လေးကိုပဲ သွားယူခွင့်ရချင်တယ်။ အခုဆို စားဝတ်နေရေးကလည်း အရမ်းကျပ်တည်းတော့ အဆင်မပြေဘူး’’ ဟု ၎င်းကပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သားများ စပါးတောင်း (၇၀၀) ကိုယူဆောင်သွားခြင်း ဟုတ်မဟုတ် သိရှိရဖို့ ရခိုင်ပြည်နယ်လုံးဝန်ကြီးနှင့် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို DMG မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်လုံး၀ မရရှိခဲ့ပေ။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကို DMG မှ ထပ်မံဆက်သွယ်ခဲ့ကာ ၎င်းက ယခုဖြစ်စဉ်ကို မသိရှိကြောင်း ဖြေကြားခဲ့သည်။

မာလာကျေးရွာသားများမှာ ဒေသမတည်ငြိမ်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့ ကတည်းကပင် ၎င်းတို့ပိုင်ဆိုင်သည့် ဆန်၊ စပါး၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်များနှင့် စက်ပစ္စည်းများအပါအဝင် နေအိမ်များကိုပါ စွန့်ပစ်ကာ ကျောက်တော်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြရခြင်းဖြစ်သည်။

ထို့နောက် စစ်ဘေးရှောင်စခန်းများတွင် ၁၀ လနီးပါးခန့် စားဝတ်နေရေးအကျပ်အတည်းများဖြင့် ရင်ဆိုင်နေခဲ့ ရပြီး လက်ရှိတွင် စားဝတ်နေရေးပြေလည်ရေးအတွက် ၎င်းတို့ ရုန်းကန်ရှာဖွေစုဆောင်းခဲ့သော ပစ္စည်းများအား သွားရောက်ယူဆောင်ချင်ကြသော်လည်း ကျေးရွာအနီး တပ်မတော်သားများရှိနေသဖြင့် သွားရောက်ယူဆောင် ရန် အခက်အခဲဖြစ်နေကြသည်။

ထို့ကြောင့် ရွာ၌ကျန်ရှိနေခဲ့သည့် ပစ္စည်းများအား ဘေးကင်းကင်းဖြင့် သွားရောက်ယူဆောင်နိုင်ရန် မာလာ ကျေးရွာသားများနှင့် ကျောက်တော်မြို့မှ ကူညီဆောင်ရွက်ပေးနေသူများက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ အသနားခံစာပေးပို့ခဲ့သည်။

သို့သော် ယနေ့အချိန်ထိ တစ်စုံတစ်ရာ တုံ့ပြန်လာခြင်းမရှိသေးသလို အကူညီတောင်းခံနေစဉ်ကြားကာလ၌ ယခုကဲ့သို့ ပြည်သူပိုင်ပစ္စည်းများအား တပ်မတော်သားများမှ ယူဆောင်နေခြင်းမှာ အလွန်ရုပ်ပျက် အကျည်းတန်စရာဖြစ်နေကြောင်း ကျောက်တော်မြို့မှ ကူညီဆောင်ရွက်ပေးနေသူ ကိုဇော်ဝင်းက ရှုတ်ချပြောဆိုသည်။

“ရွာသားတွေ ပစ္စည်းသွားယူချင်တဲ့အကြောင်းရင်းထဲမှာ ဒီကိစ္စတွေလည်းပါတယ်။ ပြည်နယ်အစိုးရအနေနဲ့လည်း ဒီကိစ္စကို ကူညီပေးဖို့က ခက်ခဲတာမဟုတ်ဘူး။ သက်ဆိုင်ရာဌာန အသီးသီးကို အကြောင်းကြားပြီးတော့ ပူးပေါင်း ဆောင်ရွက်လိုက်ရင် ပြီးတဲ့ကိစ္စပဲ။ ဒါပေမယ့် ခုထိဘာမှ လုပ်ပေးတာမရှိဘူးဆိုတော့ ကျနော်တို့ အနေနဲ့ သုံးသပ်မိတာက တပ်မတော်သားတွေ မတရားကျူးလွန်မှုတွေ ပိုလုပ်အောင် ပြည်နယ်အစိုးရက မြှောက်ပေးနေတာလို့ ပဲမြင်တယ်” ဟု ၎င်းကဆိုသည်။

ကျောက်တော်မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ နှစ်ဖက်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ ခြောက်ထောင်ကိုးရာကျော်ရှိထိ ရှိနေသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရှိရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...