ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိနေသည့် ရခိုင်နှင့်ရှမ်းတွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပပေးရန် တပ်မတော်တိုက်တွန်း

ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိနေသည့် ရခိုင်နှင့်ရှမ်းတွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပပေးရန် တပ်မတော်တိုက်တွန်း

မင်းထွန်း — ရွေးကောက်ပွဲကျင်းပရန်ကျန်ရှိနေသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၉ မြို့နယ်နှင့် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်တို့တွင် ရွေးကောက်ပွဲများ စောလျင်စွာအမြန်ဆုံးကျင်းပပေးရေး သက်ဆိုင်ရာအဖွဲ့အစည်းများကို အလေးထား တိုက်တွန်းအပ်ကြောင်း ဇန်နဝါရီလ ၇ ရက်နေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်လိုက်သည်။

ပါတီစုံဒီမိုကရေစီစနစ်တွင် လွတ်လပ်၍တရားမျှတသည့် အထွေထွေရွေးကောက်ပွဲများ ကျင်းပခြင်း၊ မိမိဒေသနှင့် ဒေသခံလူထုကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်ရွေးကောက်ပွဲမှတစ်ဆင့် ရွေးချယ်နိုင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ဒီမိုကရေစီအခွင့်အရေးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေရေးနှင့် ဒေသကို ကိုယ်စားပြုမည့် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် မိမိတို့၏ ဒီမိုကရေစီအခွင့်အရေးများကို ဖော်ဆောင်နိုင်စေရေး အတွက် ရွေးကောက်ပွဲကျင်းပပေးရန် တိုက်တွန်းထားသည်။

ရွေးကောက်ပွဲ ကျင်းပရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် အဓိကတာဝန်ရှိကြောင်း ရခိုင်အမျိုးသားပါတီ(ANP) မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ဆိုသည်။

“အစိုးရနဲ့ ကော်မရှင်က အခုချိန်ထိ တစ်ခုမှမထုတ်ပြန်ဘူး။ အစိုးရကလည်း ကော်မရှင်ကို ဘောလီဘော ပုတ်တယ်၊ ကော်မရှင်ကလည်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်တွေကို ချန်ထားခဲ့တာ ဖြစ်တယ်လို့ ပြောတယ်။ ဆိုတော့ တပ်မတော်ရဲ့ သဘောထားက ရှင်းနေတယ်၊ လုပ်ဖို့တိုက်တွန်းတယ်။ အစိုးရ သဘောထားကို ကော်မရှင်က ယူဖို့လိုတယ်။ သမ္မတဦးဝင်းမြင့်ကလည်း ရခိုင်ပြည်နယ်နေ့မှာ သက်ဆိုင်ရာ အဖွဲ့တွေကို တိုက်တွန်းတယ်လို့ကြားတယ်။ အစိုးရကလည်း သက်ဆိုင်ရာအဖွဲ့စည်းကို တိုက်တွန်း တယ်လို့ပြောတဲ့ သက်ဆိုင်ရာက ကော်မရှင်ပဲဖြစ်မယ်။ ကော်မရှင်မှာအဓိက တာဝန်ရှိတယ်။ ကော်မရှင်က အစိုးရရဲ့ သဘောထားကို ရယူပြီးကျင်းပမယ်ဆိုရင်ဖြစ်တယ်” ဟု သူက ပြောသည်။

သို့သော် အာဏာရ အစိုးရပြောရေးဆိုခွင့်ရှိသူများ၏ ပြောဆိုချက်များတွင် ရွေးကောက်ပွဲသည် စစ်မဖြစ်ရုံဖြင့် ကျင်းပ၍မရနိုင်ကြောင်း သတင်းမီဒီယာများတွင် ပြောဆိုချက်များကို တွေ့ရသည့်အတွက် အစိုးရဘက်မှ ရွေးကောက်ပွဲကျင်းပရန် မလိုလားကြောင်းကို ယေဘုယျခန့်မှန်း၍ရကြောင်း ဦးဖေသန်းက ဆိုသည်။

ရွေးကောက်ပွဲကျင်းပခွင့် မရရှိခဲ့သည့် ရခိုင်က မြို့နယ်တချို့အတွက် အထူးပင် စိတ်မကောင်းဖြစ်ရကြောင်းနှင့် အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် (၄၆) နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ပေးပို့သည့် သဝဏ်လွှာ၌ နိုင်ငံတော်သမ္မတက မေတ္တာရပ်ခံထားသည်။

ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့သည့် ဒေသများတွင် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပနိုင်စေရေး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးထားကြောင်း တပ်မတော်ထုတ်ပြန်ချက်က ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း ရခိုင်မှ ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ်များတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တိုက်တွန်းထားသည်။

ရခိုင်မှ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ် (၉) ခုတွင် မြို့လုံးကျွတ် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သလို စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ် (၄) ခုတွင် တစိတ်တပိုင်းသာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပမည့် အခြေအနေနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...