တွေ့ဆုံကြမည့်နေရာ ညိုနှိုင်း၍ အဆင်မပြေခြင်းကြောင့် မွန်ညီညွတ်ရေးပါတီ MUP နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်အဖွဲ့တို့ နှစ်ဖက်တွေ့ဆုံကြမည့်အစီအစဉ် ပျက်သွားကြောင်း နှစ်ဖက်ပါတီခေါင်းဆောင်များက ပြောသည်။
နှစ်ဖက်ပါတီတွေ့ဆုံရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်က ဇန်နဝါရီ ၄ ရက်နေ့ (ယနေ့) နံနက် ၉ နာရီတွင် မော်လမြိုင်မြို့ရှိ NLD ပါတီ ပြည်နယ် အလုပ်အမှုဆောင်ရုံးနေရာတွင် တွေ့ဆုံကြရန် မွန်ညီညွတ် ရေးပါတီ(MUP) ကို ကမ်းလှမ်းခဲ့သည်။
MUP နေဖြင့် NLD ၏ ကမ်းလှမ်းလာမှုအပေါ် လက်ခံကြိုဆိုသော်လည်း တွေ့ဆုံမည့် နေရာကို NLD ရုံးတွင် မဟုတ်ပဲ ကြားနေရာတစ်ခုတွင် တွေ့ဆုံနိုင်ရေး မေတ္တာရပ်ခံခဲ့သည်။
မွန်ညီညွတ်ရေးပါတီ၏ မေတ္တာရပ်ခံမှုအပေါ် NLD ပါတီဘက်က တွေ့ဆုံကြရန် ချိန်းဆိုထားသည့်အချိန် ကျော် လွန်လာသည်အထိ တရားဝင် အကြောင်းပြန်လာခြင်းမရှိသည့်အတွက် နှစ်ပါတီတွေ့ဆုံနိုင်ခြင်းမရှိခဲ့ ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။
“ကျနော်တို့က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာကို အပြုသဘောနဲ့ လက်ခံကြိုဆိုပါတယ်၊ တွေ့ဖို့ ၄ ရက်နေ့ မနက် ၉ နာရီ အချိန်နဲ့ နေ့ရက်ကိုတော့ သဘောတူခဲ့တယ်၊ တစ်ခု ကျနော်တို့ မေတ္တာရပ်ခံခဲ့တာက နှစ်ဖက် ပါတီအနေနဲ့ အပြန်အလှန်လေးစား အသိအမှတ်ပြုမှု တန်းတူသဘောထားရှိမှု ရှိအောင် တွေ့ဆုံမယ့်နေရာ ကို တော့ တတိယနေရာ တစ်နေရာမှာ စီစဉ်ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်၊ သုံးကြိမ်အထိ မေတ္တာရပ်ခံခဲ့တာပေါ့လေ အဲအပေါ်မှာ တွေ့ဆုံဖို့ လုပ်ထားတဲ့ အချိန် ကျော်လွန်လာတဲ့အထိ တတိယနေရာမှာ တွေ့မလား မတွေ့တော့ ဘူးလားဆိုတာ NLD ဘက်က အကြောင်းပြန်လာခြင်းမရှိပါဘူး။”
NLD ပါတီကတော့ ပြည်နယ်များရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် သွားရောက် တွေ့ဆုံကြသည့်အခါ ပြည်နယ်များတွင် ရှိသည့် NLD ပါတီ ပြည်နယ်ရုံးတို့တွင်သာ တွေ့ဆုံကြဖို့ ညွှန်ကြားချက်ရှိသည်ဟု ပါတီဗဟို အလုပ် အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုက ပြောသည်။
မွန်ညီညွတ်ရေးပါတီနှင့်တွေ့ဆုံရန် ၎င်းတို့ ပြည်နယ် NLD ရုံးတွင် ၁၀ နာရီအထိ စောင့်နေခဲ့သော်လည်း မွန် ညီညွတ်ရေးပါတီဘက်က ရောက်မလာသည့်အတွက် တွေ့ဆုံမှု အစီအစဉ် ပျက်သွားခြင်းဖြစ်သည်ဟု ပြော သည်။
“ကျနော်တို့ ပြည်နယ်တွေမှာသွားပြီးတော့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့တဲ့အချိန်မှာ ကျနော်တို့ ပြည်နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်ရုံးမှာပဲ တွေ့ဖို့ ညွှန်ကြားချက်ရှိတယ်။ ဒီမှာလည်းပဲ တွေ့မယ်ဆိုတော့က သူတို့က ပြည်နယ်အလုပ်အမှုဆောင်ရုံးမှာ လာမတွေ့နိုင်ပါဘူးတဲ့ ကြားတစ်နေရာမှာ တွေ့ရအောင်ပါလို့ ကျနော်တို့ကို ပြောတယ်။ ကျနော်တို့က ဒီ (ပြည်နယ်အလုပ်အမှုဆောင်ရုံး) မှာပဲ တွေ့ဖို့ ဆုံးဖြတ်ထားတယ် အထက်ကလည်း ဒီမှာပဲ တွေ့ဖို့ ညွှန်ကြားတယ် အဲဒါကြောင့် ဒီမှာပဲ စောင့်နေတယ် ၉ နာရီတွေ့မယ်လို့ ပြောထားတယ်။ ကျနော်တို့က ၁၀ နာရီအထိ စောင့်တယ်။ စောင့်လို့ မလာလို့ ကျနော်တို့က တော့ စောင့်တယ် MUP က မလာပါဘူးဆိုတဲ့ အကြောင်းကို ဗဟိုအလုပ်အမှုဆောင်ကို အစီရင်ခံရမှာပဲ” ဟု ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုက ပြောသည်။
NLD ပါတီသည် တိုင်းရင်းသားပါတီတို့နှင့် တွေ့ဆုံဆွေးနွေးသွားရန် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေး မြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ ဦးဆောင်သည့်အဖွဲ့ ဖွဲ့စည်းထားပြီး ပထမဦးဆုံးအနေနှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများနှင့် ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအနေနှင့် မွန်ညီညွတ်ရေး ပါတီနှင့် တွေ့ဆုံခြင်းဖြစ်သည်။
NLD ပါတီသည် နောင်အနာဂတ်မှာ တိုင်းရင်းသားလူမျိုးတို့၏ ဆန္ဒကို အလေးထားဆောင်ရွက်သွားမည် ဖြစ် ကြောင်း တိုင်းရင်းသားပါတီများအနေနှင့်လည်း NLD က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အရေးတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ရွေးကောက်ပွဲအပြီး ရက်ပိုင်း အတွင်းမှာ တိုင်းရင်းသားပါတီများထံ စာပေးပို့ထားခဲ့သည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ၊ NLD ပါတီက ၃၄ နေရာနှင့် တစ်ပြည်နယ်လုံးတွင် မွန်ညီညွတ်ရေးပါတီနှင့် NLD ပါတီတို့ကသာ အနိုင်ရရှိထားသည်။







