သတင်းထောက်များအား ခြိမ်းခြောက်နေသည့် ဥပဒေများကို အစိုးရသစ်လက်ထက်တွင် ပြင်ဆင်ပေးရန် အရပ်ဘက်အဖွဲ့အချို့ တိုက်တွန်း

သတင်းထောက်များအား ခြိမ်းခြောက်နေသည့် ဥပဒေများကို အစိုးရသစ်လက်ထက်တွင် ပြင်ဆင်ပေးရန် အရပ်ဘက်အဖွဲ့အချို့ တိုက်တွန်း
ဓာတ်ပုံ - လက်ရှိတွင် Development Media Group ၏ မောင်တောအခြေစိုက်သတင်းထောက် ကျော်မျိုးအောင်(ခ) ကိုအောင်ကျော်မင်းအား ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုထားသည်။
ဓာတ်ပုံ - လက်ရှိတွင် Development Media Group ၏ မောင်တောအခြေစိုက်သတင်းထောက် ကျော်မျိုးအောင်(ခ) ကိုအောင်ကျော်မင်းအား ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုထားသည်။

နှင်းနွယ် — နောက်တက်လာမည့် အစိုးရသစ်လက်ထက်တွင် သတင်းထောက်များအား ခြိမ်းခြောက်နေသည့် ဥပဒေများကို ပြင်ဆင်ပေးရန် လွတ်လပ်စွာပြောဆိုခွင့်ကို အားပေးသည့် အရပ်ဘက်အဖွဲ့များနှင့် သတင်းမီဒီယာအသိုင်းအဝိုင်းက တိုက်တွန်းပြောဆိုကြသည်။

လက်ရှိ အစိုးရလက်ထက်တွင် သတင်းသမားများမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ရာဇသတ်ကြီးပုဒ်မ (၅၀၀)၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)၊ အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် အများဆုံးတရားစွဲဆိုခံထားရသည်ကို တွေ့ရှိရကြောင်း အသံ (Athan) အဖွဲ့သုတေသန မန်နေဂျာ ကိုရဲဝေဖြိုးအောင်က ပြောသည်။

“အစိုးရတို့၊ စစ်တပ်တို့ စတဲ့အာဏာရှိတဲ့သူတွေက မီဒီယာကို ရန်သူလို သဘောထားနေတာကိုတွေ့ရတာ အင်မတန်စိတ်မကောင်းစရာဖြစ်တယ်။ သတင်းတစ်ပုဒ်ရေးတဲ့ အခါလည်း အစိုးရကအရှေ့မှာ တရားစွဲဆိုမှုတွေ လုပ်ထားတဲ့အတွက် အစိုးရကိုဝေဖန်တဲ့ သတင်းတွေ၊ မဟုတ်မမှန်တဲ့ သတင်းတွေကို ဖော်ထုတ်ရေးသားဖို့ကျတော့ အများကြီးအကန့်အသတ်ဖြစ်လာတယ်။ သေချာတာတစ်ခုကတော့ မီဒီယာတွေက လက်ရှိ ဖိနှိပ်နေတဲ့ ဥပဒေကြားထဲမှာ သတင်းရယူဖို့ အများကြီးအခက်အခဲရှိလာနေတာကို တွေ့လာရတယ်” ဟု ၎င်းကဆိုသည်။

ယင်းပြင် သတင်းသမားများအား တရားစွဲဆိုရာတွင် အစိုးရနှင့်တပ်မတော်မှ အများဆုံးတရားစွဲဆို ထားခြင်းဖြစ်ပြီး တစ်ခြားသော နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘာသာရေး ပုဂ္ဂိုလ်များကလည်း တရားစွဲဆိုထားသည်ကို တွေ့ရကြောင်းလည်း ၎င်းက ဆက်လက်ရှင်းပြသည်။

ထိုသို့ သတင်းသမားများဖမ်းဆီးခံရမှုများ၊ တရားစွဲဆိုခံရမှုများ၊ ပစ်မှတ်ထားခံရမှုများ ပိုမိုများပြားလာသဖြင့် လက်ရှိ အစိုးရလက်ထက်၌ သတင်းသိရှိမှုအပိုင်းတို့တွင် များစွာကျဆင်းသွားသည်ဟုလည်း ဝေဖန်မှုများ ရှိနေကြသည်။

ထို့ကြောင့် နောက်တက်လာမည့် NLD အစိုးရသစ်အနေဖြင့် သတင်းထောက်များ၏ ဘေးကင်းလုံခြုံမှုအတွက် ပြင်ဆင်သင့်သည့် ဥပဒေများကို ပြင်ဆင်ရန်လိုအပ်ကြောင်း သတင်းမီဒီယာကောင်စီမှ ဦးမြင့်ကျော်က သုံးသပ်ပြောဆိုသည်။

“၆၆ (ဃ)လိုမျိုး ၂၀၁၆ မှာ ပြင်ဆင်တာက လုံလောက်တဲ့ ပြင်ဆင်မှုမဟုတ်ဘူး။ ဒါကတော့ ဥပမာ အနေနဲ့ပေးတာပေါ့။ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေလိုမျိုးပေါ့။ အဲဒီဥပဒေကို ပြင်ဆင်ဖို့လိုလိမ့်မယ်” ဟု ၎င်းကပြောသည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် သတင်းသမားများ၏ သတင်းရယူခွင့်ကို လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ လေးစားဖို့လိုအပ်ကြောင်း ဦးမြင့်ကျော်ကဆိုသည်။

“လက်နက်ကိုင် အဖွဲ့အစည်းဆိုတာကလည်း တပ်တစ်ခုတည်းကိုပြောတာ မဟုတ်ဘူး။ ရဲတွေရော၊ တစ်ခြားလက်ကိုင်အဖွဲ့တွေရောလည်း ပါတယ်။ ပြီးတော့ တရားဥပဒေ စိုးမိုးမှုလည်း အရေးကြီးတယ်။ တရားဥပဒေစိုးမိုးတယ်ဆိုတာ တစ်စုံတစ်ရာ ရန်ပြုတယ်ဆိုရင် အဲဒီဥပဒေနဲ့ မညီတဲ့ကိစ္စကို ဖော်ထုတ်အရေးယူနိုင်တဲ့ အခြေအနေမျိုးရှိမှသာ ထပ်ပြီးကျူးလွန်တာမျိုးမဖြစ်မှာ’’ ဟု ၎င်းက ရှင်းပြသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများအား တစ်ကမ္ဘာလုံးကသိစေရန် မီဒီယာသမားများက ဖော်ပြနေမှုအပေါ်တွင် အစိုးရအနေဖြင့် ထိန်းချုပ်ရန် ကြိုးစားနေမှုများရှိသဖြင့် သတင်းသမားများ သတင်းရယူမှုအပိုင်းတွင် အကန့်အသတ်များ ရှိလာနေသည်ကို တွေ့ရှိရကြောင်း ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာန၏ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကပြောသည်။

“ရခိုင်မှာဆိုရင် ကျနော်တို့ကိုယ်တိုင်လည်း သတင်းရေးလို့ တရားစွဲခံခဲ့ရတာရှိတယ်။ ပြီးတော့ DMG ရဲ့ အယ်ဒီတာချုပ်ဆိုရင်လည်း ထွက်ပြေးနေရတာရှိတယ်။ ဒီမိုကရေစီနိုင်ငံမှာ သတင်းလွတ်လပ်မှုက အရမ်းအရေးကြီးတယ်။ ဒါကြောင့် သတင်းသမားတွေ ဘေးကင်းစွာ သတင်းရယူနိုင်ဖို့အတွက် အစိုးရသစ်အနေနဲ့ ဥပဒေပြဌာန်းပြီးကာကွယ်ပေးဖို့လိုတယ်” ဟု၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေက သတင်းထောက်များအပေါ်တွင် အကာအကွယ်ရှိမနေဘဲ သတင်းထောက်များအပေါ် ပြန်လည်ဖိနှိပ်ချုပ်ချယ်မှု ဖြစ်နေသည်မှာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှု ဖြစ်စေကြောင်း (Free especial Myanmar) မှ ဒါရိုက်တာဖြစ်သူ မယဉ်ရတနာသိန်းက ဆိုသည်။

“သတင်းသမားတွေက ခန္ဓာကိုယ်ပိုင်းဆိုင်ရာရော၊ ဥပဒေပိုင်းဆိုင်ရာရော လုံခြုံမှုမရှိတဲ့အတွက် သူတို့တွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးတွေပါ ချွတ်ယွင်းနေတာကို တွေ့ရတယ်။ သတင်းသမားတွေ အနေနဲ့ ကိုယ့်ကိုမထိသေးရင်တောင် ကိုယ်နဲ့ဘဝတူသတင်းသမားတွေ ဖမ်းဆီးခံရတယ်၊ အစဖျောက်ခံရတာ တွေရှိတယ်။ ဘယ်သူ၊ ဘယ်ဝါ လုပ်တယ်ဆိုတာလည်း မသိရဘူး။ တစ်ဖက်မှာ ကျတော့လည်း ဥပဒေကြောင်းအရ သတင်းထောက်တွေကို တရားစွဲဖို့ပဲရှိနေတယ်။ ကာကွယ်ဖို့ ရှိနေတာမဟုတ်ဘူး။ ဒါက သတင်းထောက်တွေရဲ့ သတင်းရေးသားမှုအပိုင်းမှာ အများကြီးထိခိုက်စေတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ NLD အစိုးရ၏ အစိုးရသက်တမ်း (၅) နှစ်တာကာလအတွင်း လွတ်လပ်စွာ သတင်းထုတ်ဖော်ပြောဆိုခွင့်ကြောင့် တရားစွဲဆိုခံထားရသည့် သတင်းသမား ၆၂ ဦးနှင့် သတင်းသမားများအား တရားစွဲဆိုထားသည့် အမှုပေါင်း ၆၇ မှုရှိကြောင်း အသံအဖွဲ့၏ စာရင်းအရ သိရသည်။

လက်ရှိ အာဏာရ NLD ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်များအရ ကိုယ်စားလှယ် အရေအတွက်အများဆုံး အနိုင်ရရှိထားသောကြောင့် အစိုးသစ်ကို ဦးဆောင်ဖွဲ့စည်းခွင့် ထပ်မံရရှိမည်ဖြစ်သည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...