KNPP၊ AA တို့နှင့် အစိုးရ၊ တပ်မတော်တို့အကြား တွေ့ဆုံမှုကို UPDJC ကြိုဆို

KNPP၊ AA တို့နှင့် အစိုးရ၊ တပ်မတော်တို့အကြား တွေ့ဆုံမှုကို UPDJC ကြိုဆို

လက်ရှိဖြစ်ပေါ်တိုးတက်နေသော တပ်မတော်၊ အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အချို့တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများသည် အနာဂတ် ငြိမ်းချမ်းရေး လုပ်ငန်းအတွက် တွန်းအား တစ်ရပ် ဖြစ်စေသည် ဟု NCA အပစ်ရပ် အဖွဲ့များ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

ဗိုလ်မှူးကြီး စိုင်းငင်းက “ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပ နိုင် ရေး တွေ့ဆုံညှိနှိုင်းမှုတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလွတ်သဘော ဆွေးနွေးမှုတွေကို သက်ဆိုင် တဲ့ အဖွဲ့ အစည်းတွေ အကြား ပြုလုပ်နိုင်ခဲ့ကြတာတွေဟာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်အတွက် တွန်းအား ဖြစ်စေခဲ့ပါတယ်” ဟု ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် အပတ်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့၏ ဆွေးနွေးပွဲမှ ဘုံသဘောထား ချမှတ် နိုင်ခဲ့သည့် ရလဒ်များကိုလည်း အားတက်မိသည် ဟု အပစ်ရပ်အဖွဲ့များ၏ UPDJC အဖွဲ့ခေါင်း ဆောင်က ဆို သည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အစိုးရ လွှတ်တော် တပ်မတော်တို့ ပြီးခဲ့တဲ့ သတင်းပတ်မှာ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းပြီး ဘုံသဘောထား ချက်မှတ်နိုင်ခဲ့တာတွေ နိုင်ငံရေး ဆွေးနွေးရေး ဆိုင်ရာ မူဘောင် ကိစ္စတွေ ဆွေးနွေးညှိနှိုင်းခဲ့တာကို ကြားသိရတာတွေဟာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်အတွက် အားတက်မိပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်း က ဆက်ပြောသည်။

အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ဒီဇင်ဘာလ ၇ ရက်နေ့က ဆယ်တောရို ဘော်ဒါ ဆောင် ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စရပ်များနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ် များကို အွန်လိုင်းမှတစ်ဆင့် တွေ့ ဆုံဆွေးနွေးခဲ့ကြ သကဲ့သို့ တပ်မတော်နှင့် ရက္ခိုင်တပ်တော် AA တို့သည် လည်း ဒီဇင်ဘာလ ၉ ရက်နေ့က “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA ဌာနချုပ် ပန်းဆန်း တွင် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ ကိစ္စရပ်အပြင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို သေချာခိုင်မာ အောင် လုပ်ဆောင်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထိုတွေ့ဆုံမှုများကြောင့် လာမည့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များအတွက် တွန်းအားတစ်ရပ်ကို ဖြစ်စေ သည်ဟု ဒီဇင်ဘာလ ၁၁ ရက် ယနေ့တွင် ပြုလုပ်သည့် NCA-S EAO အဖွဲ့များ၏ ၃၅ ကြိမ်မြောက် UPDJC အစည်း အဝေး အဖွင့် နှုတ်ခွန်းဆက်စကားတွင် ဗိုလ်မှူးကြီး စိုင်းငင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

ထို့အပြင် အပစ်ရပ်အဖွဲ့များ အနေဖြင့် NLD ပါတီမှ အစိုးရအသစ် မဖွဲ့စည်းနိုင်သေးသည့် ကြားကာလတွင် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးနိုင်ရေး အဖွဲ့ဝင် ၁၀ ဦးပါသည့် ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်း ထားပြီး ထိုအဖွဲ့မှ အစိုးရနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသွားရန်ရှိသည် ဟု ဗိုလ်မှူးကြီး စိုင်းငင်း က ဆိုသည်။

“အစိုးရအသစ် မဖွဲ့စည်းနိုင်သေးတဲ့ ကြားကာလမှာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်အတွက် အစိုးရနဲ့ မိမိတို့ NCA-S EAO တွေအကြား အလွတ်သဘော ဆွေးနွေးညှိနှိုင်းသွားဖို့ လမ်းဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ သင့် တော်တဲ့ အချိန်ကာလမှာ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ မိမိတို့ဖက်က ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။”

ဒီဇင်ဘာလ ၁၁ ရက်နေ့ (ယနေ့) ကျင်းပသည့် NCA-S EAO အဖွဲ့၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးတွင် ဖက်ဒရယ်မူဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း ၃ တွင် သဘောတူထားသည့်အတိုင်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင် ဆင် ခြင်းကိစ္စရပ်၊ ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့် အလိုက်အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များကို ဆွေးနွေးသွားရန်ရှိသည် ဟု သိရသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...