တအာင်းဒေသအတွင်း မြန်မာ့တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ပေးရန်၊ နစ်နာသူများ အတွက် တရားမျှတမှု ရရှိရေး ဆောင်ရွက်ပေးရန် နှင့် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ TSYU က တောင်းဆိုလိုက်သည်။
၂၀၂၀ ခုနှစ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း တအာင်းဒေသအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ အပါ အဝင် မြန်မာ့တပ်မတော်က ကျူးလွန်ချိုးဖောက်ခဲ့သည့် ဖြစ်စဉ် ၆၀ ခု ရှိခဲ့သည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့၏ စစ်တမ်းများအရ သိရသည်။
တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ အထွေထွေအတွင်းရေးမှူး လွေးလှားရှိန်း က “ဖြစ်တိုင်းဖြစ်တိုင်း တော့ ထုတ်ပြန်ချက်တွေထုတ်လိုက်တယ်။ အခုက ဒီမှာ ကောက်ထားတဲ့ စစ်တမ်းအရပေါ့ ကောက်တဲ့စစ်တမ်း က တအာင်းဒေသတွေကပေါ့နော်၊ ကျန်တဲ့တိုင်းရင်းသားတွေက သူ့အဖွဲ့အစည်းတွေကောက်တာ ရှိမယ်ပေါ့ နော်။ ကျမတို့ လက်လှမ်းမှီသလောက် ကောက်ထားတဲ့အထဲမှာမှ ၂၀၂၀ မှာ ဖြစ်စဉ်က ၆၀ ရှိတယ်။ ၆၀ ထဲမှာ ချိုးဖောက်ခံရတာက လူဦးရေ ၁၂၀ ပေါ့၊ ရွာတွေအလိုက်လည်း ပါတယ်။ ရွာက ၇ ရွာပေါ့နော်။ ဆတ်ကြေး ကောက်တာက ၄ ရွာ၊ ရွာတွင်းက အိမ်တွေကို ဝင်ရောက်မွှေနှောက်တာတွေပါတယ်။ အခုက ပိုပဲပိုလာတယ်။ လျော့ကျသွားတာမရှိဘူး။ နမ့်ခမ်းပါတယ်။ မိုင်းကိုင်၊ မိုင်းယော်ဒေသဘက်ပါတယ်။ နမ္မတူ၊ မန်တုံ၊ သီပေါ၊ မိုးမိတ်၊ ကျောက်မဲ လည်းပါတယ်။ ရှမ်းမြောက်ထဲက တအာင်းတွေနေတဲ့ နေရာတွေအားလုံးနီးပါးပါတယ်” ဟု ပြောသည်။
၂၀၂၀ ခုနှစ်အတွင်း ၎င်းတို့၏ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ လျော့ကျသွားခြင်းပဲ နည်းမျိုးစုံ ဖြင့် အကြမ်းဖက်ခံနေရမှုများ ပိုမိုများပြားလာသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ က ပြော သည်။
“ဒေသအတွင်းမှာ တွေ့ရတဲ့ဟာက ဘာလဲဆိုတော့ တော်တော်များများက ကွင်းဆင်းလို့လည်းမရဘူး။ ပညာ ပေး လို့လည်းမရဘူး။ ပြီးရင် လူထုကလည်း ကြောက်တဲ့အခါကြတော့ ကိုယ်တွေကလည်းသွားကြည့်လို့မရ၊ အချက် အလက်လည်း ယူလို့မရတဲ့ဟာမျိုးတွေဖြစ်နေတဲ့အခါကြတော့ ကျူးလွန်တဲ့သူက ဒါကို အခွင့်အရေး ယူပြီးမှ ဘယ်သူမှ မမြင်ပါဘူးဆိုတာမျိုးတွေ့ရတယ်။ ဖြစ်စဉ်တွေဖြစ်ရင် အရင်က ထုတ်ပြန်ချက်ထုတ်တယ်၊ သတင်းစာရှင်း လင်းပွဲလုပ်တယ်၊ ဆန္ဒပြတာတွေလုပ်တယ် ဒါပေမယ့် အခုက COVID ကြောင့် ကန့်သတ်ထား တဲ့အတွက် လုပ်လည်း မရတာမျိုးတွေပေါ့၊ ဒီနောက်ပိုင်းက COVID ကြောင့် အခုလိုများတာလိ့ု ပြောလို့ရတယ်။ အရင်က တိုက်ပွဲဖြစ်တဲ့နေရာတွေ လုံခြုံရေးကြောင့် သွားဖို့ ခက်ခဲခဲ့တာရှိတယ်။ ဒါပေမယ့် အခုက COVID ကြောင့် လည်း ပိုပြီးခက်ခဲသွားတာတွေဖြစ်လာတယ်။ စစ်ဆေးမှုတွေပိုများလာတယ်ပေါ့နော်” ဟု လွေးလှာရှိန်း က ဆက်ပြောသည်။
COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုများပြားလာနေပြီး ယခုနှစ်အတွင်း မိုင်းနှင့် လက်နက်ကြီးပေါက်ကွဲခြင်း ဖြစ်စဉ် ၂၁ ခု၊ ချိုးဖောက်ခံရသူ ၄၂ ဦး၊ သတ်ဖြတ်ခံရသည့် ဖြစ်စဉ် ၁၅ ခု၊ အသတ်ခံရသူ ၂၂ ဦး၊ ညှင်းပန်းနှိပ်စက်မှု ၅ ခုတွင် ညှင်းပန်းနှိပ်စက်ခံရသူ ၈ ဦး၊ မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲသည့်အမှု ၄ မှုတွင် တရားစွဲခံရသူ ၁၅ ဦး၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်စဉ် ၆ ခုတွင် ဖမ်းဆီးထံရသူ ၃၁ ဦးရှိသည်ဟု TSYU ၏ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့ သဘောထားထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ထို့အပြင် တအာင်းဒေသအတွင်း အတင်းအဓ္ဓမပြုကျင့်ခံရခြင်း ၂ မှု၊ ကျေးရွာများ အတွင်း ဆတ်ကြေး ကောက် ခံခြင်း၊ ပစ္စည်းများဝင်ရောက်မွှေနှောက်ခြင်း၊ လူသစ်စုဆောင်းခံရခြင်းများ ရှိခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲ တွင် ထည့်သွင်းဖော်ပြထားသည်။
၎င်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှမ်းမြောက်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် မြန်မာ့တပ်မတော်ကလည်း ကျူးလွန်ခဲ့သည်ဟု TSYU က ပြောသည်။
ယခုရက်ပိုင်းတွင်လည်း နမ္မတူမြို့နယ်အတွင်း တပ်မတော်၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS နှင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP၊ တအန်း(ပလောင်)တပ် TNLA တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး အနီးအနားကျေးရွာလေးရွာခန့်က ရွာသား တစ်ကျော်လည်း စစ်ဘေးတိန်းရှောင်နေရသည်။
နမ္မတူမြို့နယ်၊ မန်စံကျေးရွာက ရွာသားတစ်ဦးက “ဒီမနက်တော့ တချို့ ပြန်တယ်။ တချို့ လည်း မပြန်သေးဘူး။ မနေ့က ညပိုင်းအထိဆိုရင် ၁၉၀ လောက်ရောက်လာတယ်။ ဒီမနက်ပိုင်းနည်းနည်းပြန်သွားတယ်။ အခု တစ်ရာ ကျော် ကျန်နေသေးတယ်။ ဒီက အခြေအနေက ပြောလို့မရသေးဘူး။ တပ်မတော်လည်း ရွာထဲရောက်နေတယ်။ RCSS လည်း နီးနီးနားနားမှာပဲ ရှိနေ တယ်။ ကျနော်တို့ ဒေသက အခုတလော တိုက်ပွဲဖြစ်လိုက်၊ လက်နက်ကိုင် တွေ ဝင်လာလိုက်ပဲဗျ။ တချို့ဆို လည်း ဆတ်ကြေးပြောရမလား အခွန်တွေကောက်တယ်။ တော်တော်ဆိုး တယ်။ ဒီက လွှတ်တော်ကိုယ်စား လှယ် တွေရော၊ အုပ်ရေးပိုင်းကရော ဘာမှ မပြောရဘူး။ မလုပ်ရကြဘူး။ သေနတ်ကိုင်တာတွေ့ တာနဲ့ အားလုံး က ကြောက်နေကြပြီ” ဟု ပြောသည်။
“ဒီမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုက တော်တော်များတယ်။ အဓိက ကူးစက်ရောဂါကာလမှာ လုပ်ကိုင် စား သောက်ရတာ အခက်အခဲဖြစ်တယ်။ အရောင်းအဝယ် သွားလာမှုတွေရပ်တန့်တာတွေ၊ နှောင့်နှေးတာတွေ ပေါ့ နော်။ ဒီမှာက လုပ်ငန်းအဆင်မပြေဘူး။ နယ်စပ်သွားပြီး အလုပ်လုပ်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း RCSS၊ SSPP၊ TNLA ဆိုပြီး ၃ ဖွဲ့ လောက်က လှုပ်ရှားနေတယ်၊ အချိန်အခါမရွေး ဆတ်ကြေးတို့ အခွန်တို့တောင်းတယ်။ လုပ်ငန်းလုပ်လည်း ကန့်သတ်တာ၊ တောင်းတွေများတယ်။ အစိုးရလည်း တောင်းတယ်။ သူတို့တောင်းတာလည်း အစိုးရထက်များနေတယ်။ တော်တော်လေး အခက်အခဲဖြစ်နေတယ်။”
TSYU က မည်သည့်လက်နက်ကိုင် အဖွဲ့ အစည်းဖြစ်စေ အပြစ်မဲ့ပြည်သူများအား မတရား ဖမ်းဆီးချုပ်နှောင် ခြင်း၊ သတ်ဖြတ်ခြင်းများ မပြုရန်၊ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့အဖွဲ့အစည်းထဲမှ ပြစ်မှု ကျူးလွန်သူများအား အများပြည်သူရှေ့မှောက်တွင် စုံစမ်းစစ်ဆေးမှုများ၊ အရေးယူမှုများ ဆောင်ရွက်ရန်၊ အစိုးရ အနေဖြင့် သဘောတူလက်မှတ်ရေးထိုးထားသည့် စာချုပ်စာတမ်းများကို လေးစားလိုက်နာ အကောင်အထည် ဖော်ရန်၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားသည့် ဖြစ်စဉ်များကိုလည်း စုံစမ်းစစ်ရေး အရေး ယူပေးရန်နှင့် ပြည်သူများအပေါ် မတရားသည့် ဥပဒေများကို ဖျက်သိမ်းပေးရန် တောင်းဆိုထားသည်။
ထို့အပြင် တိုင်းရင်းသားဒေသအတွင်း အနိုင်ရထားသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ဒေသ အတွင်း ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ တရားမျှတမှု ရရှိရေး လုပ်ဆောင် ပေး ရန် လည်း တောင်းဆိုထားသည်။







