မင်းထွန်း - ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ်(၉)ခုတွင် ရွေးကောက်ပွဲကျင်းပရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသည့်အပြင် မြေပြင်အနေအထားတွင်လည်း မည်သည့်လှုပ်ရှားဆောင်ရွက်မှုကိုမျှ မတွေ့ရသေးကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဝေဖန်ပြောကြားလိုက်သည်။
၂၀၂၀ ပြည့်နှစ် မကုန်မီ ဒီဇင်ဘာလအတွင်းတွင် ရွေးကောက်ပွဲကျင်းပရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)၏ လုပ်ဆောင်မှုကို မတွေ့ရကြောင်း ယင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးခိုင်ကောင်းစံက ပြောသည်။
“ဒီဇင်ဘာလထဲမှာတော့ UEC အနေနဲ့ (ရွေးကောက်ပွဲ)ကျင်းပမယ်ဆိုတဲ့ အရိပ်အယောင်ကမတွေ့ရဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီလမှာကျင်းပမယ်ဆိုရင် အခုကနေ မဲဆန္ဒရှင်စာရင်းတွေ ကြေငြာတာကို လုပ်ဆောင်ရမှာ ဖြစ်တယ်။ ဒီအချိန်လုပ်မှ ဒီဇင်ဘာလအတွင်းမှာလုပ်နိုင်မှာဖြစ်တယ်။ ဒါပေမယ့် အခုချိန်ထိ အဲလိုမျိုးတော့ မတွေ့ရသေးဘူး” ဟု သူကဆိုသည်။
ရွေးကောက်ပွဲမကျင်းပရသေးသည့် မြို့နယ်များကို ယခုနှစ်ဒီဇင်ဘာလမကုန်မီ ရွေးကောက်ပွဲကျင်းပနိုင်ရန် လက်ရှိ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရနှင့် တပ်မတော်တို့ကို ရက္ခိုင်တပ်တော် (AA)မှ တိုက်တွန်းသည့်နေ့တွင်ပင် တပ်မတော်ဘက်ကလည်း ကြိုဆိုကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသို့ သဘောထားများ အပြန်အလှန်ထုတ်ပြန်အပြီး နောက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ သိသိသာသာလျော့ကျသွားခဲ့ပြီး တပ်မတော်နှင့် (AA)မှ နှစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်များသည် ဆက်စပ် ရွေးကောက်ပွဲကျင်းပရေးအပါအဝင် တိုက်ပွဲများရပ်တန့်ရေးကိစ္စရပ်များအတွက် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြသည်။
ဆက်စပ်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တပ်မတော်နှင့် AA အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်းများ လုပ်ဆောင်နေသည့်အချိန်တွင် (NLD)အစိုးရနှင့် (UEC)တို့ ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်မှု အားနည်းနေသည့်အပေါ်တွင် ဝေဖန်မှုများလည်းရှိနေသည်။
“ကျနော်တို့မြင်တာတော့ ဒါက မရိုးမသားမှုပဲ။ ဒီရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်တာက လုံခြုံရေးလို့ပြောတယ်။ လုံခြုံရေးဆိုတာလည်း (AA)နဲ့ တပ်မတော်က တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့်လို့ အကြောင်းပြတယ်။ ဒါပေမယ့် အခုနှစ်ဖက်စလုံးက ရွေးကောက်ပွဲကျင်းပဖို့အတွက်ကို သဘောတူနေကြတယ်၊ အပစ်အခတ်တွေ ရပ်စဲထားတယ်ဆိုရင် လုံခြုံမှုအခြေအနေရှိတယ်ဆိုတဲ့ သဘောပေါ့။ သူတို့( UEC) အကြောင်းပြချက်က အခု အဆင်ပြေနေပြီဆိုတော့ ကျင်းပမယ်ဆိုရင်ကျင်းပလို့ရတာပဲ” ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ပြောသည်။
ယခု ရွေးကောက်ပွဲပြန်လည်ကျင်းပမည့်မြို့နယ်များတွင် လက်ရှိအာဏာရ (NLD)ပါတီအနေဖြင့် အနိုင်ရ နိုင်ခြေမရှိသည့်အတွက် ရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သတ်ပြီး တွန့်ဆုတ်နေခြင်းလားဟု စဉ်းစားမိကြောင်း ၎င်းကဆိုသည်။
ရခိုင်တွင်ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုနေသည့် အဖွဲ့အစည်းများအနေဖြင့် ဥပဒေကို အဓိပ္ပါယ် ကောက်လွဲနေခြင်းဖြစ်သည်ဟု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကပြောသည်။
“လက်ရှိရွေးကောက်ပွဲဥပဒေမှာ ဆက်စပ်(ရွေးကောက်ပွဲ)ဆိုတာကို လုံးဝဖော်ပြမထားဘူး။ အထွေထွေ ရွေးကောက်ပွဲရှိတယ်။ ကြားဖြတ်ရွေးကောက်ပွဲရှိတယ်။ သူတို့ဥပဒေကို အဓိပ္ပာယ်ကောက်လွဲနေတယ်လို့ သဘောပေါက်ပါတယ်။ ဥပဒေဆိုတာတော့ ကိုယ့်လိုသလိုဆွဲ အဓိပ္ပာယ်ဖွင့်လို့မရဘူး။ အကယ်၍ နောက်ဆက်တွဲ ကျင်းပချင်တယ်ဆိုရင်တောင် AA ၊ တပ်မတော်မကဘဲ ပြည်ထောင်စုကော်မရှင်၊ အစိုးရရဲ့ငြိမ်းချမ်းရေး NRPC က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အကုန်ဆွေးနွေးပြီးတော့ လိုအပ်ခဲ့ရင် လွှတ်တော်မှာ ဒီဥပဒေကိုပြင်ဆင်ပြီးတော့ ဆောင်ရွက်လို့ရပါတယ်” ဟု ၎င်းကဆိုသည်။
ယင်းအပြင် တပ်မတော်နှင့် AA တို့ ဆွေးနွေးခြင်းကို NLD ပါတီအနေဖြင့် မူအားဖြင့် လက်ခံကြိုဆိုသော်လည်း လုပ်ထုံးလုပ်နည်းအရ အကျိုးထိရောက်ရေးအတွက် အားလုံးပါဝင်နိုင်သည့် ဆောင်ရွက်ခြင်းရှိရန် လိုအပ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။
သို့သော် ရွေးကောက်ပွဲကျင်းပရန် AA ၏ တောင်းဆိုချက်အား မလိုက်လျောပေးနိုင်လျှင် တိုက်ပွဲများပြန်ဖြစ် လာမည်ကို စိုးရိမ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
“တိုက်ပွဲတွေပြန်ပြီးဖြစ်လာနိုင်တယ်။ (AA)က သူတို့တောင်းဆိုချက်အပေါ်မှာ မလိုက်လျောဘူးဆိုရင် စစ်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်ရတယ်” ဟု ၎င်းကဆိုသည်။
အလားတူ ရခိုင်မှ ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ်များတွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲပြု လုပ်ရန် အဆင်ပြေသည့်အတွက် ကျင်းပနိုင်ကြောင်းကို တွေ့ရှိခဲ့ကြောင်း ဂျပန်အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် ရွေးကောက်ပွဲမကျင်းခဲ့ရသည့်မြို့နယ်များကို သွားရောက်လေ့လာခဲ့ပြီးနောက် ပြောဆိုထားသည်။
ထို့နောက် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရခိုင်၌ ရွေးကောက်ပွဲကျင်းပပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)အား မေတ္တာရပ်ခံတောင်းဆိုခဲ့မှုအပေါ်တွင် ရွေးကောက်ပွဲကော်မရှင်မှ အကြောင်းမပြန်ခဲ့သည့်အတွက် ကော်မရှင်၏ တုံ့ပြန်ဆွေးနွေးမှုများကို အားမရကြောင်း ဧရာဝတီသတင်းဌာနနှင့် သီးသန့် တွေ့ဆုံရာတွင် ဂျပန်အစိုးရအထူးကိုယ်စားလှယ်က ပြောဆိုထားသည်။







