ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ USDP ၏ တောင်းဆိုမှုအတိုင်း ရွေးကောက်ပွဲကို ထပ်မံကျင်းပမည် မဟုတ်ပဲ လက်ရှိထွက်ပေါ်လာသည့် ရလဒ် အတိုင်း ဆက်လက် အကောင်အထည်ဖော်သွားမည် ဟု ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသည့်အတွက် ရလဒ်ကို လက်မခံကြောင်းနှင့် တပ်မတော်နှင့် ပူးပေါင်းကာ စည်းကမ်းရှိသည့်ရွေးကောက်ပွဲကို ပြန်လည် ကျင်းပပေးရန် နိုဝင်ဘာလ ၁၁ ရက်နေ့ (ယနေ့)တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တောင်းဆို ထားသည့် အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC အဖွဲ့ဝင် ဦးမြင့်နိုင်က ပြန်လည် တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲက ကျင်းပပြီးပြီ။ လွတ်လပ်မျှတတဲ့ စံ ၅ ချက်နဲ့ ညီတယ်ဆိုပြီး သုံးသပ်ပြီးပြီ။ ဒီရလဒ်ကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီကြီးတွေနဲ့ ပါတီအချို့ကလည်း လက်ခံပြီးပြီ။ ဒီအတိုင်းပဲ ဒီရလဒ်ကို အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ပါပဲ”
ဦးမြင့်နိုင်က USDP ပါတီ အနေ ဖြင့် မည်သည့် အချက်ကို အခြေခံ၍ ပြောဆိုသည်ကို တိတိကျကျ မသိရသည့်အတွက် ရွေးကောက်ပွဲ ရလဒ်များကို ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားမည် ဟု ဆိုသည်။
“ဘာကိုအခြေခံပြီး ပြောသလဲဆိုတဲ့ဟာ မပေါ်တဲ့အတွက် ဘာမှပြောစရာမရှိဘူး။ ဒီလိုယေဘုယျကြီး စွပ်စွဲ တာတော့ ဘာမှပြောစရာမရှိဘူး။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီကြီး ၃ ခုက ကြိုဆိုတယ်၊ လက်ခံတယ်၊ ထောက်ခံတယ်ဆိုတာ ထုတ်ပြန်ထားတယ်။ ဒါဟာ ဒီမိုကရေစီကျင့်စဉ်မှာ ဒီလိုပဲရှိမှာပါ။ ပါတီကြီး ၃ ခု အပြင် လက်ခံတဲ့ပါတီတွေလည်း ရှိကြပါတယ်။ အဲဒီလိုပဲ ဒါကို မကြိုက်တဲ့ပါတီတွေလည်း ရှိမှာပေါ့။ ဥပဒေ အကြောင်းအရ သွားဖို့ပဲရှိတယ်။”
လက်ရှိကျင်းပပြီးစီးသွားသည့် ရွေးကောက်ပွဲသည် တရားမျှတ ဘက်လိုက်မှုကင်းသော ရွေးကောက်ပွဲ မ ဖြစ်ခြင်း၊ မဲရုံဝန်ထမ်းများဖြစ်သည့် ဆရာ/ဆရာမများသည် ကြားနေသူများ မဟုတ်ပဲ NLD ထောက်ခံသူ များဖြစ်ခြင်း၊ UEC က အသုံးပြုသည့် မဲပုံးများသည် ခိုင်ခံ့မှု မရှိခြင်း၊ အသုံးပြုသည့် စာရွက် စာအိတ်များမှာ လည်း အဆင့်အတန်းမရှိခြင်း၊ အသက် ၆၀ နှစ် အထက်ကြိုတင်မဲများကို အချိန်ဆွဲ၍ မဲပေးခိုင်းခြင်း စသည့် အချက်များကို USDP က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ထို့အပြင် USDP ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက အင်္ဂါနေ့(ယမန်နေ့) က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ မှ “မဲပေးခြင်းလုပ်ငန်းစဉ်တွေ ပြီးဆုံးသွားတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးဟာ ဥပဒေနဲ့အညီဖြစ်သလား၊ မဖြစ်ဘူး လားဆိုတာကတော့ အငြင်းပွားဖွယ်ရာ ရှိခဲ့တယ်။ ရှိနေစဲ၊ ဆက်ပြီးတော့လည်း အထောက်အထားတွေ ထွက်ပေါ်နေစဲ ဖြစ်လို့ ဒီခရီးဟာ မပြီးသေးနိုင်တဲ့ မဆုံးနိုင်သေးတဲ့ ခရီးရှည်ကြီးဖြစ်မယ်လို့ ကျနော်တင်ပြ ချင်ပါတယ်။ ဒါကြောင့်မို့ လို့ ဥပဒေနဲ့အညီဖြစ်တဲ့ မျှတတဲ့ ရွေးကောက်ပွဲအဖြေဖြစ်အောင် ကျနော်တို့က ဥပဒေနဲ့အညီ ဆက်ပြီးတော့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီဖြစ်အောင် အပြီးသတ်အဖြေရ သွားတဲ့အထိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောဆိုထားသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် အထွေထွေ ရွေးကောက်ပွဲတွင် USDP ပါ တီ ၏ ပြိုင်ဖက်ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လွှတ် တော်နေရာ တော်တော်များများ အနိုင်ရရှိခဲ့သည့်အတွက် အစိုးရဖွဲ့နိုင်သည့် ပမဏထက် ကျော်လွန်ကာ အနိုင်ရရှိခဲ့သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူများ က ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း NLD ပါတီက တစ်နိုင်ငံလုံးတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိ သည့်အတွက် အစိုးရဖွဲ့ နိုင်ခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင် အစိုးရဖွဲ့နိုင်ပါက NLD အနေဖြင့် အစိုးရ သက် တမ်း ဒုတိယအကြိမ် ဖြစ်လာမည် ဖြစ်သည်။







