မျိုးမြင့်ဇော် — ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမျိုကရေစီအဖွဲ့ချုပ်(NLD) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့ ၃ ဦးကို အရပ်ဝတ်ဖြင့် အမည်မသိ လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
၎င်းတို့ ၃ ဦးသည် အောက်တိုဘာ ၁၄ နံနက် ၈ နာရီအချိန်ခန့်တွင် တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ မဲဆွယ်စည်းရုံးရေးသွားကြပြီး ယင်းကျေးရွာရှိ နေအိမ်တစ်ခုမှာ နားနေကြစဉ် သေနတ်ကိုင်ဆောင်ထားသူ ၄ ဦးနှင့် ဓါးကိုင်ဆောင်ထားသူ ၁ ဦးတို့ လာရောက်ဖမ်းဆီးကာ စက်လှေဖြင့် ရမ်းဗြဲမြို့နယ်ဘက်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် ဆွေးမျိုးတော်စပ်သည့် အမည်မဖော်လိုသူတစ်ဦးက ၎င်းတို့ ၃ ဦးကို ဖမ်းဆီးသွားသည်မှာ မှန်ကန်သော်လည်း မည်သူတို့က ဖမ်းဆီးသွားသည်ကို သတင်းအတိအကျမသိရှိရသေးကြောင်း ဆိုသည်။
အမျိုးသားဒီမိုကရေအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် က "ကျနော် မသိဘဲ ဘယ်အဖွဲ့ဆိုတာ မပြောချင်ဘူး။ ဒါပေမဲ့ ဖမ်းဆီးတဲ့အပေါ်မှာ ပြောချင်တာကတော့ လုံဝလက်မခံဘူးရှုတ်ချတယ်။ ဒါက အဖြေမဟုတ်ဘူး။ ဒီလုပ်ရပ်ဟာ သူတို့သွားနေတဲ့ တော်လှန်ရေး(သို့မဟုတ်) ပန်းတိုင်ကိုရောက်နိုင်တဲ့ လမ်းမဟုတ်ဘူး''ဟု ပြောသည်။
လက်ရှိအချိန်၌ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအင်အား ၃၀ ခန့်သည် ဖမ်းဆီးခံရသည့် ကိုယ်စားလှယ်လောင်း သုံးဦးကို ရှာဖွေရန် ထွက်ခွာသွားကြသည်ကိုမြင်တွေ့ရကြောင်း တောင်ကုတ်မြို့ ဒေသခံများထံမှသိရသည်။







