ရွေးကောက်ပွဲကာလ နီးလာနေချိန် ရှမ်းမြောက်ဒေသတွင် ဆက်တိုက်ဖြစ်ပွားလာနေသည့် တိုက်ပွဲများ ရပ်တန့်ပေးရန် ဒေသခံများက တောင်းဆို လိုက်သည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မဲပေးခွင့် ဆုံးရှုံးမှု မရှိရလေအောင် အောက်တိုဘာလ ပထမအပတ်အတွင်းက စတင်ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံးရပ်တန့် ပေး ရန် အရပ်ဖက်အဖွဲ့အစည်းများနှင့် ကျောက်မဲဒေသခံများက တောင်းဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်က နန်းပန်းအိဖြူက “၂၀၁၅ ရွေးကောက်ပွဲ တုန်းကဆိုရင် ကျ နော်တို့ ကျေးသီးသည် လုံခြုံမှု မရှိသောကြောင့် စစ်ဖြစ်နေတဲ့ အခါကျတော့ ကျေးသီး၊ မိုင်းရှှုး၊ တန့် ယန်း တို့က ကျနော်တို့က ရွေးကောက်ပွဲ မကျင်းပခဲ့ရတာရှိတယ်။ ပြီးတော့မှ ကြားဖြတ်ရွေး ကောက်ပွဲကို ကျ နော်တို့ ပြန်ကျင်းပရတာ ရှိတယ်ပေါ့။ အဲလိုမျိုး အခြေအနေ ဒီလိုမျိုး အခြေအနေမှာ ဆိုလို့ရှိရင် ဒီရွေး ကောက်ပွဲက အဲမှာ မဲပုံးမရှိဘူးဆိုလို့ရှိရင် အဲဒီဒေသမှာ မဲထည့်ခွင့် မရှိဘူးလေ။ အဲဒါကြောင့်မို့လို့ အဲဒီ စစ်ပွဲ ကို အမြန်ဆုံးရပ်တန့်ပေးပါလို့ တောင်းဆိုချင်တာပါ” ဟု ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများဖက်မှ ၎င်းတို့ ရွေးချယ်မည့် လွှတ်တော် ကိုယ်စားလှယ်များကို အဟန့်အတား တစ်စုံတစ်ရာမရှိပဲ ရွေးချယ်နိုင်ရန်နှင့် လက်ရှိဖြစ်ပွားလျက်ရှိသည့် ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်နစ်နာမှုများလည်း ရှိနေသည့်အတွက် တိုက်ပွဲများ ကို အမြန်ဆုံးရပ်တန့်ပေးရန် နမ့်ခုံပရဟိတအသင်း တာဝန်ရှိသူတစ်ဦးကလည်း တောင်းဆိုသည်။
နမ့်ခုံပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက “အခုအချိန်မှာတော့ ၅ နှစ်တစ်ကြိမ် ကျင်းပရတဲ့ ပြည်သူလူထုရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေပေါ့နော်။ လမ်းပန်းဆက်သွယ်မှု အနေအထားအရလည်း ခက်ခဲတယ်။ နောက်ပြီးတော့ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးပေါ့ အခုအချိန်ရောက်ပြီ သူတို့ရဲ့ စီးပွားရေးတော့ အများကြီး ထိခိုက်နစ်နာမှုရှိတယ်။ ဒါကြောင့်မို့လို့ စစ်ပွဲ အမြန်ဆုံးရပ်ရင်တော့ ကျနော်ကတော့ အဲဒါ လေးတော့ နည်းနည်းလေးတောင်းဆို ချင်ပါတယ်ဗျာ” ဟု ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်အတွင်းတွင် အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ကာ တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြားတိုက်ပွဲများဆက်တိုက် ဖြစ်ပွားလာသည့်အတွက် ဒေသခံများပြည်သူများမှာ သွားလာလုပ်ကိုင် စားသောက်ရန် ခက်ခဲလာမည်ကို စိုးရိမ်သည်မက မဲပေးခွင့်ဆုံးရှုံးမည်ကိုလည်း စိုးရိမ်နေကြဟုသည်ဆိုသည်။
အမည်မဖော်လိုသူ ကျောက်မဲဒေသခံတစ်ဦးက “ရွေးကောက်ပွဲလည်း နီးတယ်ဆိုတော့ အချိန်ကတစ်လပဲ ကျန်တော့တာလေ အဲဒါဆိုရင်တော့ တအားကြီး စိုးရိမ်မှုတအားရှိမှာပေါ့။ ဘယ်လိုပြောရမလဲ ရွေးကောက်ပွဲ ကျောက်မဲအနေအထားအရ အများကြီးစိုးရိမ်ရတယ်။ ဒေသခံတွေက မဲပေးဖို့ အနေအထားတော်တော် မလွယ်ဘူးဖြစ်နေမှာ ဒီအချိန်တော့ တစ်ချို့နေရာဆိုတော့ သူများသင်တန်းပေးရတယ် ထင်တယ်။ အဲဒီဖက်ပိုင်းက အုပ်စုတွေများတယ်လေ။ အဲဖက်ကအုပ်စုတွေများတော့ သူတို့အတွက်တော့ တော်တော် အခက်အခဲတော့ ဖြစ်မှာ။ ဆက်ဖြစ်နေရင်ပေါ့နော ဆက်ဖြစ်နေရင် အချိန်ကတစ်လပဲကျန်တော့တာလေအကယ်၍များဆက်ဖြစ်ရင်တော့ မဲရုံထောင်ဖို့တော့ မလွယ်ဘူးလို့တော့ ကျနော်ထင်တာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် တိုက်ပွဲများနှင့်နယ်မြေမတည်မငြိမ်မှုများကြောင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့အတွင်းရှိ မြို့နယ် ၇ မြို့နယ်စီနှင့် ကျေးရွာအုပ်စုပေါင်း ၆၀၀ ခန့်တွင် ရွေးကောက်ပွဲ ဖျက်သိမ်းခဲ့သည်ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။
ရှမ်းပြည်နယ်ရှိ မိုင်းလား၊ မိုင်းရှူး၊ ကျေးသီး၊ ပန်ဝိုင်း၊ မိုင်းမော၊ နားဖန်း၊ ပန်ဆန်း စသည့် မြို့နယ် ၇ ခုလုံး တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့်အပြင် မူဆယ်၊ မန်တုံ၊ ကုန်ကြမ်း၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ တန့်ယန်း၊ မက်မန်း မြို့နယ်များရှိ အချို့ကျေးရွာအုပ်စုများတွင်လည်း မဲဆန္ဒခံယူခြင်းမပြုလုပ်နိုင်ခဲ့ပေ။ အဆိုပါ မြို့နယ်များထဲမှ မိုင်းမော၊ နားပန်း၊ မက်မန်း၊ ပန်ဝိုင်း၊ ပန်ဆန်း၊ စသည့် မြို့နယ် ၅ ခုမှာ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် ပါဝင်သည်ဟု သိရသည်။
ထို့အပြင် ကချင်ပြည်နယ်ရှိ ဆွမ်ပရာဘွမ်၊ ဝိုင်းမော်၊ ခေါင်လန်ဖူး၊ မချမ်းဘော၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်း ယန်၊ မံစီ၊ တနိုင်း၊ ရွှေကူ စသည့်မြို့နယ်များရှိ အချို့ကျေးရွာအုပ်စုများတွင် မဲဆန္ဒခံယူပွဲများ မပြုလုပ်နိုင်ခဲ့သည်သာမက ရွေးကောက်ပွဲ မပြုနိုင်သည့် ကျေးရွာ အုပ်စု စုစုပေါင်း ၂၂၁ ရွာခန့်ရှိခဲ့သည်ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့်အဖွဲ့များ၏ မှတ်တမ်းများထဲတွင် တွေ့ရသည်။
ထို့နည်းအတူ ကရင်ပြည်နယ်ရှိ မြဝတီ၊ သံတောင်ကြီး၊ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များ အတွင်းရှိ ကျေးရွာအုပ်စု အချို့တွင် မဲဆန္ဒခံယူပွဲများကို ရုတ်သိမ်းခဲ့ သည့်အပြင် မွန်ပြည်နယ် ဘီလင်းမြို့နယ်ရှိ ဘော်နော်ကြီး ကျေးရွာအုပ်စုတွင်လည်း မဲဆန္ဒခံယူနိုင်ခြင်း မရှိဟု သိရသည်။
ထို့အပြင် ပဲခူးတိုင်းတွင်လည်း ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၉ စုနှင့် ကျောက်ကြီးမြို့ နယ် အ တွင်း ကျေးရွာအုပ်စု ၁၂ စုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သည့်အဖွဲ့များ၏ မှတ်တမ်းများက ဆိုသည်။







