FPNCC ကို ဖိတ်လျှင် SSPP လည်း ၂၁ ပင်လုံညီလာခံတက်မည်

FPNCC ကို ဖိတ်လျှင် SSPP လည်း ၂၁ ပင်လုံညီလာခံတက်မည်

စိုင်းယွက်ခမ်း - သြဂုတ်လအတွင်းကျင်းပရန်ပြင်ဆင်နေကြသည့် ၂၁ ရာစုပင်လုံညီလာခံ သို့ မဟုတ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ FPNCC  ကို ဖိတ်ကြားပါက  SSPP လည်းညီလာခံတက်ရောက်မည်ဟု SSPP ကပြောဆိုလိုက်သည်။

၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်ကျင်းပနိုင်ရေး  ဇူလိုင်လနှောင်းပိုင်းကစပြီး ဩဂုတ် ၅ ရက်နေ့အထိ နေပြည်တော်တွင် အစိုးရကိုယ်စားလှယ်နှင့်NCA  လက်မှတ်ထိုး တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကာပြင်ဆင်နေပြသည်။  အဆိုပါတွေ့ဆုံဆွေးနွေးပြင်ဆင်ရေးတွင် NCA  လက်မှတ်မထိုးရသေးသည့် အဖွဲ့များကိုလည်း ပါ၀င်စေလိုကြောင်းပြောဆိုတိုက်တွန်းထားသည်။ သို့သော်ယနေ့တိုင်  နေပြည်တော်အစိုးရက အပစ်ရပ်လက်မှတ်မထိုးရသေးသည့် ၀ တပ်ဖွဲ့ဉီးဆောင်သော FPNCC အား ဖိတ်ကြားခြင်းမရှိသေးပေ။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစ၀်သန်းအောင်က – “လာမယ့် ၂၁ ရာစုပင်လုံညီလာခံကနေ ကျနော်တို့ SSPP/SSA က  မျှော်လင့်ချက်ကြီးကြီးမားမားမရှိဘူး။ ညီလာခံတက်မလား မတက်ဘူးလားဆိုတာကတော့ FPNCC ကိုစောင့်ကြည့်ရပါမယ်။ ဖိတ်ကြားခံရမယ်ဆိုရင်တော့ အားလုံးအတူတူ တက်ကြပါမယ်။ ကျနော်တို့က FPNCC အဖွဲ့၀င်ဆိုတော့ နိုင်ငံရေးအပိုင်းဆိုရင် FPNCC ကိုဘဲ စောင့်ကြည့်ရပါမယ် ”- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

၂၁ ရာစု ပင်လုံညီလာခံအား သြဂုတ်လ ဒုတိယအပတ်တွင်ကျင်းပရန်စီစဉ်ထားကြသော်လည်း ပြင်ဆင်ရေးအပိုင်းနှင့်  ရှေ့လုပ်ငန်းစဉ်များ အတွက်မပြီးပြတ်နိုင်သေးသဖြင့် ညီလာခံအား သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ ရွှေ့ဆိုင်းထားသည်ဟုသိရပါသည်။

သျှမ်းပြည်မြောက်ပိုင်း ရှမ်းလူငယ်များအဖွဲ့ TYO ဉက္ကဌ စိုင်းဟန် က-  “လာမယ့် ၂၁ ရာစုပင်လုံညီလာခံကနေ  ရိုးသားမှုရှိဖို့ ၊ စစ်မှန်သောငြိမ်းချမ်းရေးကို တကယ်ရချင်သော စိတ်ဆန္ဒရှိဖို့အတွက် ကျနော်တို့ လူထုက အလိုရှိပါတယ်။”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

တဖက်ကလည်း သျှမ်းပြည်မြောက်ပိုင်းသို့ အစိုးရတပ်မတော်က အင်အားဖြည့်တင်းနေမှုကြောင့် တိုက်ပွဲများဖြစ်ပွါးမည်ကို လူထုကစိုးရိမ်နေကြပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်မည်ကို စိုးရိမ်နေကြကြောင်းသိရသည်။ တဖက်တွင်လည်း ၂၁ ရာစုပင်လုံညီလာခံတက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ခြိမ်းခြောက်မှုတရပ်လည်းဖြစ်နိုင်ကြောင်း သုံးသပ်နေသူများလည်းရှိသည်။

၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်အား ၂၀၁၉ ခုနှစ်ကတည်းက ကျင်းပရန်အစိုးရက စီစဉ်ထားသည်။ သို့သော်ဆွေးနွေးမှုများတစ်ဆို့မှုများကြောင့် ယနေ့တိုင်မကျင်းပနိုင်သေးဘဲရှိခဲ့ပါသည်။ပြီးခဲ့သည့် တတိယအကြိမ် ပင်လုံညီလာခံကလည်း ပြည်ထောင်စုမှ ခွဲမထွက်ရ ၊ လက်နက်ဖျက်သိမ်းရေး  ၊ တပ်မတော်တခုတည်းထားရှိရေးမူတို့နှင့်ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...