မြေသိမ်းမှုနှင့် အကြီးစား စီမံကိန်းများ ဖော်ဆောင်မှုများ ရပ်တန့်ရန် တအာင်းကျောင်းသားများ တောင်းဆို

မြေသိမ်းမှုနှင့် အကြီးစား စီမံကိန်းများ ဖော်ဆောင်မှုများ ရပ်တန့်ရန် တအာင်းကျောင်းသားများ တောင်းဆို

COVID- 19 ကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြေယာသိမ်းဆည်းမှုများနှင့် အကြီးစား စီမံကိန်း များ အကောင်အထည်ဖော်မှုများကို ကန့်ကွက်ကြောင်းနှင့် ရပ်တန့်ပေးရန် တအာင်း အရပ်ဖက် အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် COVID- 19 ကာလအတွင်း ကုမ္ပဏီများက ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်တွင် စီမံကိန်းလုပ်ငန်းများကို လုပ်ဆောင်နေသကဲ့သို့ အာဏာပိုင်များကလည်း ဒေသခံများအား မြေလွတ် မြေလတ် မြေရိုင်း ဥပဒေဖြင့် မြေယာများကို ပုံစံ ၇ ပြန်လည်လျှောက်ယူရန် ပြောဆိုမှုအပေါ် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ TSYU မှ အထွေထွေအတွင်းရေးမှူး လွေးလှားရှိန်း က ပြောသည်။

“ပထမတစ်ချက်က ဒီကပ်ရောဂါကာလအတွင်းမှာ ပြည်သူပိုင် မြေသိမ်းမှုတို့ ပြီးလို့ရှိရင် စီမံကိန်းလုပ်ငန်းတို့ အဲဒါတွေကို ဖော်ဆောင်တာ ကျမတို့ရဲ့ ရပ်တန့်ပေးဖို့ ဒါကလည်း အစိုးရကလည်း သက်ဆိုင်မှာပေါ့နော။ အစိုးရလည်း ခွင့်မပြုရဘူး ပြီးရင် ကုမ္ပဏီတွေလည်း ဒီကာလမှာ မလုပ်သင့်ဘူးလို့ ကျမတို့က သုံးသပ် တယ်ပေါ့နော်။”

ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည့် တအာင်းအရပ်ဖက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင် ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်သူလူထုများ စားဝတ်နေရေးနှင့် အခြားအခက်အခဲ ကြုံတွေ့နေ ရသည့် အချိန်ကာလတွင် ဌာနဆိုင်ရာများ၊ လက်နက်ကိုင် အဖွဲ့အစည်း၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် ခရိုနီတို့ သည် ပြည်သူလူထု အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရမည့်အစား ပြည်သူပိုင်ယာမြေ၊ အိုးအိမ်နှင့် အခြားအသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ထိခိုက်ပျက်စီး၊ ဆုံးရှုံးသွားစေမည့် လုပ်ရပ်များကို တအာင်း  ကျောင်းသားနှင့် လူငယ်များအဖွဲ့ TSYU နှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO တို့မှ ကန့်ကွက်ရှုတ်ချ ပါသည်ဟု ဆိုသည်။

ထို့အပြင် ကမ္ဘာ့ကပ်ရောဂါကြောင့် လူစုလူဝေး မလုပ်ရကာလအတွင်း နမ့်ခမ်းမြို့နယ်၊ မန်စပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ပြင်ပအတွင်းရှိ မိရိုးဖလာ ဘိုးဘွားပိုင်ယာမြေများအား လုပ်ပိုင်ခွင့် ရရှိရန် မြေလွတ် မြေလပ်  မြေရိုင်း ဥပဒေအဖြင့် လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ်ခမ်းမြို့၊ မြို့နယ် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးမှ အသိပေးအကြောင်းကြားခဲ့ပါသည်ဟု TSYU နှင့် TWO တို့၏ ထုတ်ပြန်ချက်အရ သိရသည်။

လွေးလှားရှိန်းက “အကြီးစားစီမံကိန်းတွေက သူတို့ အရမ်းကြီး ပွင့်ပွင့်လင်းလင်းကြီးတော့ သူတို့ လုပ်တာ မဟုတ်ဘူး။ ဒါပေမယ့် ကျမတို့ အကြီးစား စီမံကိန်းဆိုတာက ဒီသူတို့ခေါ်တာကတော့ ဒေသဖွံ့ဖြိုးရေးပေါ့နော်။ ဥပမာ ရေကာတာ ဆောက်လုပ်ရေးတို့ ရွှေလီရေကာတာ နံပါတ် ၃ ဖက်ကဆိုရင်လည်း မသိမသာ  လေးနဲ့ လုပ်ဆောင်နေတဲ့ဟာတွေ ရှိတယ်။ နောက်တစ်ခုက တစ်ခြား OBOR နဲ့ ပတ်သက်တဲ့ဟာ ဆိုလို့ရှိ ရင်လည်း မသိမသာလေးနဲ့ တစ်ချို့နေရာလေးတွေက မြေတိုင်းတဲ့ဟာတွေ ရှိတယ်ပေါ့နော။ အဲလိုလေး  တွေရှိတယ်” ဟု ပြောသည်။

“နမ့်ခမ်းဖက်မှာ တစ်ခုက ကျမတို့ မြေလွတ်မြေရိုင်း ဥပဒေဆိုပြီးတော့ ဒီနမ့်ခမ်းမှာဆိုလို့ရှိရင် လယ် မြေ ယာ စီမံခန့်ခွဲရေးနဲ့ အဲဒီလယ်မြေယာ စီမံခန့်ခွဲရေးအဖွဲ့က ဒီကျမတို့က တစ်ချို့ဒေသခံ အာဏာပိုင်တွေ က  ပြောလာတဲ့ ဟာတွေရှိတယ်ပေါ့နော်။ သူတို့က ပုံစံ ၇ လား အဲဒီဟာတွေ ပြန်လာလျှောက်ခိုင်းတာတို့ ဘာတို့ ရှိတယ်ပေါ့” ဟု ဆက်ပြောသည်။

ကမ္ဘာ့ကပ်ရောဂါ (COVID19) ကြောင့် ပြည်သူလူထုမှာ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးနှင့် အခြား လူမှုရေးကိစ္စ အခက်အခဲများစွာ ကြုံတွေ့ခံစားနေကြကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကာလကို အခွင့် ကောင်း ယူပြီး အစိုးရဌာနဆိုင်ရာ အချို့သည် ပြည်သူပိုင် ယာမြေများကို သိမ်းပိုက်ရန် ကြိုးစားခြင်းနှင့် ကုမ္ပဏီသည် လည်း အကြီးစား စီမံကိန်းဆက်လက် အကောင်အထည် ဖော်ခြင်းကြောင့် ဒေသခံပြည် သူများမှာ ၎င်းတို့၏ ယာမြေနှင့် အိုးအိမ်များကို အသိမ်းပိုက်ခံ ဆုံးရှုံးရမည် ကို စိုးရိမ်ကြပါသည်ဟု တအာင်းအရပ်ဖက်အဖွဲ့အ စည်းများက ဆိုသည်။

“ကျန်းမာရေး COVID ကြောင့် ဆိုပြီးတော့ ထုတ်ပြန်ထားတဲ့ဟာတွေရှိတယ်။ လူစုလူဝေး လုပ်လို့ မရဘူးဆို တဲ့ ထုတ်ပြန်ချက်တွေရှိတယ်။ ဒါပေမယ့် တစ်ဖက်မှာ အာဏာပိုင်တွေ အစိုးရဖက်က ဒီမြေ ကိုင်တဲ့လူတွေ  မြေစီမံခန့်ခွဲရေး လုပ်တဲ့ လူတွေကျတော့ ဒီဟာတွေကို သူတို့က ပြောရမယ်ဆိုလို့ရှိရင် အခွင့်ကောင်းလိုမျိုး ယူပြီးတော့ လူထုတွေရဲ့ မြေတွေကို တစ်ဖက်တစ်လမ်းနဲ့ အဲလိုမျိုး သိမ်းဖို့ကို သိမ်းနိုင်အောင် အဲလိုမျိုး ကြိုးစားတယ်လို့ပဲ ကျမတို့က မြင်တယ်ပေါ့နော်” ဟု လွေးလှန်ရှိန်းက ဆက်ပြောသည်။

ထိုအနေအထားအောက်တွင် ဖြစ်ပေါ်လာသည့်ဖြစ်ရပ်များကြောင့် တအာင်းလူမှု့အသင်းအဖွဲ့များက ကမ္ဘာ့ကပ်ရောဂါကာလအတွင်းတွင် ပြည်သူပိုင်ယာမြေသိမ်းဆည်းမှု စီမံချက်လုပ်ငန်းများနှင့် ဖော်ဆောင်နေသော အကြီးစား စီမံကိန်းများကို ရပ်ဆိုင်းပေးရန် တောင်းဆိုထားသကဲ့သို့ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အတိုင်း တပ်သိမ်းမြေနှင့် ကုမ္ပဏီသိမ်းမြေများကို ပြည်သူပိုင် လက်ထဲတွင် လွဲပြောင်းပေးရန် တိုက်တွန်းထားသည်။

ထို့အပြင် ကမ္ဘာ့ကပ်ရောဂါ ကြိုတင်ကာကွယ်မှု စီမံကိန်းနှင့် ပြည်သူလူထု၏ စားဝတ်နေရေး ပြေလည်စေရေးကို နိုင်ငံတော် အစိုးရမှ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးရန်နှင့် ကမ္ဘာ့ကပ်ရောဂါ ကြိုတင်ကာ ကွယ်မှုစီမံချက်နှင့် ပတ်သက်၍ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများအကြား ဖြစ်ပွားနေသည့် ပြဿနာများကို စီစစ်အရေးယူဆောင်ရွက်ပေးရန် တအာင်းလူမှု့အဖွဲ့အစည်းများက ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ထည့် သွင်းထားသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...