တပ်မတော်နှင့် SSPP တိုက်ပွဲဖြစ်၊ ရွာသား ၂၀၀ ကျော် ထွက်ပြေး

တပ်မတော်နှင့် SSPP တိုက်ပွဲဖြစ်၊ ရွာသား ၂၀၀ ကျော် ထွက်ပြေး

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တပ်မတော် နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်  ဒေသခံရွာသား ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည် ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၂၂ ရက်နေ့ ညနေက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် သီပေါမြို့နယ် နားအုံကျေးရွာမှ ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးနေရသည်ဟု ဒေသခံတစ်ဦး ဖြစ်သူ စိုင်းလောင်ခမ်း က ပြောသည်။

 “ရွာသားတွေက ဆောင်ကြဲကို ရောက်နေကြတယ်။ ၂၀၀ ကျော် တယ် ဗျ။ တပ်က ဝင်လာလို့ ဖြစ်တယ်လို့ ပြောတယ်။ ဆောင်ကြဲက ဘုန်းကြီးကျောင်းမှာပါဗျ။ အားလုံး ဒီ တိုက်ပွဲ သံ  ပေါ့ ပြောမယ်ဆိုရင်တော့ ပစ်ခတ်သံတွေကြားလို့ ထွက်ပြေးလာကြတာလို့ ပြောတယ်ဗျ” ဟု ပြောသည်။

သီပေါမြို့နယ်၊ နားအုံကျေးရွာနှင့် ပန်းအုံကျေးရွာအကြား နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်း  ဖြစ်သည်ဟု ပြောသည်။

“ထွက်ပြေးလာတဲ့အထဲမှာ အဆိုးဆုံးက ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်လည်းပါတယ်။ သူဆို ဒီမှာရောက်မှ ကလေးမွေးလိုက်ရတယ်။ နောက်ပြီး သွေးနုသားနု ကလေးမိခင် တစ်ယောက်လည်းပါတယ်။ အသက်ကြီး တဲ့ လူကြီးတွေ၊ သက်ကြီးရွယ်အိုတွေပါလာတယ်ဗျ။ တော်တော်လေးအခက်အခဲဖြစ်တယ်။ ကျနော်တို့ဆီမှာက အခုက မိုးတွင်းလည်းဖြစ်တော့လေ။ ထွက်ပြေးလာတဲ့ညဆို မိုးကလည်းအရမ်းရွာတယ်ပြောတယ်” ဟု ဒေသခံ စိုင်းလောင်ခမ်း က ဆက်ပြောသည်။

နားအုံကျေးရွာမှ ဒေသခံရွာသားများ ဆောင်ကြဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေပြီး၊  ဒေသခံ ရွာသားများက လိုအပ်သည်များကို ကူညီပံ့ပိုးပေးထားသည်ဟု သိရသည်။

ထို့အပြင် ဇူလိုင်လ ၂၃ ရက်နေ့က သီပေါမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့လည်း လာရောက် ကြည့်ရှုခဲ့ပြီး အစားအသောက်အချို့ လာရောက်ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယခုကာလသည် စိုက်ပျိုးရာသီဖြစ်သည့်အတွက် ဒေသခံရွာသားများသည် တိုက်ပွဲအခြေအနေအား စောင့် ကြည့်နေပြီး စိတ်ချရသည့် အနေအခြေတစ်ခုကို ရောက်ပါက နေရပ်ပြန်မည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူများနှင့် SSPP မှ ပြန်ကြားရေးတာဝန်ခံများအား ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ထို့အပြင် တိုက်ပွဲနှင့် ပတ်သက်၍လည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။

SSPP သည် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော်လည်း ယခုတိုက်ပွဲဖြစ်ပွားသည့် နေရာများသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက COVID-19 ကာလ ရောဂါ ကာကွယ် ကုသရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် အပစ်ရပ်ကြေညာထားသည့် နေရာဖြစ်သည်။

အလားတူ ကျောက်မဲမြို့နယ်အတွင်းတွင်လည်း ဇွန်လ ကုန်ပိုင်းမှာစတင်၍ ဇူလိုင်လ တတိယအပတ်အထိ တပ်မတော်နှင့် အပစ်ရပ် NCA လက်မှတ်ထိုးထားသည့် RCSS တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား လျှက်ရှိသည်။

တပ်မတော်က COVID-19 ရောဂါ ကာကွယ်၊ ကုသနိုင်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် ဟု ဆိုကာ မေလ ၁၀ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ရခိုင်ပြည်နယ်မှ အပ ကျန်နေရာဒေသများတွင် အပစ်ခတ်ရပ်ဆိုင်းထားသည်။

Most read this week

August 26, 2026
နယ်မြေစိုးမိုးရေးနှင့် ပိတ်ဆို့ရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းကို...
August 26, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်တပ်က အင်အား ရာချီ...
ဓာတ်ပုံ - Naw Tu Aung
August 26, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်၊ ရှမ်းနီတပ် (...
ဓါတ်ပုံ - (ပုံဟောင်း - Crd)
August 25, 2026
ဧရာဝတီတိုင်း၊ ရခိုင်ရိုးမနှင့် တဆက်တည်းရှိသည့် ရေကြည်မြို့နယ်၊ တောင်ခြေသစ်တောကြိုးဝိုင်း အစပ်...