မွန်ညီညွတ်ရေးပါတီ အမျိုးသမီး ကိုယ်စားလှယ်လောင်းဦးရေနည်းပါး

မွန်ညီညွတ်ရေးပါတီ အမျိုးသမီး ကိုယ်စားလှယ်လောင်းဦးရေနည်းပါး

အမျိုးသမီးများကို ဦးစားပေးမည်ဟု ပြောထားသော်လည်း မွန်ညီညွတ်ရေး ပါတီ ကိုယ်စားလှယ်လောင်း အဆိုပြု စာရင်းတွင် အမျိုးသမီး ဦးရေ အနည်းငယ်သာ ပါဝင်ခဲ့သည်။

ယခုနှစ် ရွေးကောက်ပွဲအတွက် မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြု  လျှောက်လာသည့် ကိုယ်စားလှယ်လောင်း ၈၀ ကျော်ထဲတွင် အမျိုးသမီး ၁၀ ဦးခန့်သာ ပါဝင်လာသည် ဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က  ပြောသည်။

“တင်လာတဲ့ (ကိုယ်စားလှယ်လောင်း) စာရင်းအပေါ်မှာ ကြည့်လိုက်တော့ (အမျိုးသမီး) အရေအတွက် တအား နည်းတယ်၊ ကျနော်တို့ကတော့ ဖိတ်ခေါ်ထားတာပဲလေ အရည်အချင်းတူရင် အမျိုးသမီးကို ဦးစားပေးမယ် ဆို တာ” ဟု နိုင်စံတင်က ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေနှင့် ပါတီတွင်း အမျိုးသမီးပါဝင်မှုကို အကန့်အသတ်မရှိ လမ်းဖွင့်ပေးထားသည့်အပြင်  ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အမျိုးသမီးကို ဦးစားပေးမည်ဆိုသည့် မူဝါဒ ချမှတ်ထားသည်။

မြို့ နယ်အဆင့်တွင် ကကိုယ်စားလှယ်လောင်း လျောက်ထားမှုမှာ  ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ရှိခဲ့သော်လည်း ပါတီဗဟိုက ရွေးချယ်မှုတွင် ၁၀ ရာနှုန်းခန့်သာ ရောက်သွားခြင်းဖြစ်သည်ဟု မွန်ညီညွတ်ရေးပါတီ အမျိုးသမီးရေးရာမှူး (ဗဟိုအလုပ် အမှုဆောင်  ကော်မတီဝင်) မိလဝီဟန် က ပြောသည်။

“ရွေးကောက်ပွဲဝင်မယ့် မြို့ နယ်တိုင်းမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းလျှောက်ထားတာရှိတယ် တစ်မြို့ နယ်မှာ အနည်းဆုံး ၁ ယောက် တချို့ ဆိုရင် ၂ ယောက်။ ဒါက ရွေးချယ်တဲ့ အပေါ်မှာမူတည်တယ်။  ရွေးချယ် တာက နှစ်ဆင့်ရှိတယ်။ မြို့ နယ်အဆင့် ရွေးတယ်၊ ပြီးတော့ ဗဟိုအဆင့် ရွေးမယ်။ ဗဟိုအဆင့်ရောက်သွားရင် ဘယ်လောက်ကျန်မလဲဆိုတာကတော့ မသိသေးဘူး” ဟု မိလဝီဟန် က ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် ကိုယ်စားလှယ်လောင်းများကို ဇူလိုင် ၂၄ ရက်နေ့တွင် အပြီးသတ်ရွေးချယ်မည်ဖြစ်ပြီး ဇူလိုင် ၂၅ ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတည်ပြုချက် ရယူပြီးပါ ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ထုတ်ပြန်သွားမည်ဟု ပါတီ တာဝန်ရှိသူများက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးနှင့် လူငယ်များအား ဦးစားပေးရွေးချယ်သွားမည့် မူဝါဒ ထားရှိသည်ဟုလည်း မွန်ညီညွတ်ရေး ပါတီ ခေါင်းဆောင်များ က ပြောဆိုထားသည်။

လက်ရှိအနေအထားအရ မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီအဆင့်တွင် အမျိုးသမီးပါဝင်မှု အရေအတွက် ၁၁ ရာခိုင်နှုန်းသာရှိသည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။

မွန်ညီညွတ်ရေးပါတီ (Mon Unity Party) သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အကြမ်းဖျင်းအားဖြင့် မွန်ပြည် နယ်တွင် ၃၂ နေရာ၊ ကရင်ပြည်နယ်တွင် ၁၃ နေရာ၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ၇ နေရာ၊  ရန်ကုန် နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း နေရာအချို့ ဝင်ရောက် ယှဉ်ပြိုင် သွား ရန် စီစဉ်ထားသည်ဟု နိုင်စံတင် က ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူးပေါင်း ဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ  ကော်မရှင်မှ ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုခဲ့သည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...