စစ်တွေမြို့ရှိ မူဆလင်ကျောင်းသားများမှ ရခိုင်စစ်ဘေးရှောင်များအတွက် ငွေလာရောက်လှူဒါန်း

စစ်တွေမြို့ရှိ မူဆလင်ကျောင်းသားများမှ ရခိုင်စစ်ဘေးရှောင်များအတွက် ငွေလာရောက်လှူဒါန်း

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ မူဆလင်ကျောင်းသားများမှ ရခိုင်စစ်ဘေးရှောင်များအတွက် ဇူလိုင် ၂၃ ရက်နေ့လယ်က စစ်တွေ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် အလှူငွေ သုံးသိန်းလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

၎င်းမူဆလင်ကျောင်းသားများမှာ ရခိုင်စစ်ဘေးရှောင်များအား လူသားချင်းစာနာထောက်ထား၍ ယခုကဲသို့ လာရောက်လှူဒါန်းခြင်း ဖြစ်သဖြင့် စစ်တွေတက္ကသိုလ်ကျောင်းသား သမဂ္ဂအနေဖြင့်၎င်းတို့အလှူငွေအား ကောင်းမွန်သည့် လုပ်ရပ်အဖြစ် အသိအမှတ်ပြုလက်ခံခဲ့ခြင်းဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌဖြစ်သူ ကိုတိုးတိုးအောင်ကပြောသည်။

“ဒီဟာက လူသားချင်းစာနာထောက်ထားမှုအပေါ်မှာ မူတည်ပြီးလာလှူတာမို့ပါ။ ပြီးတော့ ကျောင်းသားတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့သူတို့အလှူကို လက်ခံခဲ့တာပါ။ကျွန်တော်တို့ကျောင်းသားတွေမှာ ဘာသာရေးကို အခြေမခံရ၊ လူမျိုးရေးကို အခြေမခံရ၊ ကျောင်းသားဆိုတဲ့အပေါ်မှာပဲကြည့်ရမယ်ဆိုပြီး သူတို့လှူလာတဲ့ အပေါ်မှာ အလှူကို ဟိုကမယူ ဒီကမယူလို့မဟုတ်ပဲ ကြည်ကြည်ဖြူဖြူလက်ခံခဲ့တာပါ” ဟု ကိုတိုးတိုးအောင်က ပြောသည်။

မူဆလင်ကျောင်းသားများကိုယ်စား ဦးဆောင်၍ လာရောက်လှူဒါန်းခဲ့သူ မောင်ဇင်မင်းထွန်း(သမိုင်း၊ဒုတိယနှစ်၊ အဝေးသင်)ကလည်း ၎င်းတို့မှာ လူသားချင်းစာနာထောက်ထား၍ စစ်တွေမြို့ရှိ၎င်းတို့ မူဆလင် ကျောင်းသား များအား စည်းရုံး၍ အလှူငွေကောက်ခံခဲ့ကာ လှူဒါန်းခြင်းဖြစ်ကြောင်း ပြောသည်။

“ရခိုင်ပြည်မှာနေတဲ့လူတွေကို ကျွန်တော်တို့ ညီအစ်ကိုလိုပဲ သဘောထားပါတယ်။ အဲဒါကြောင့် ကိုယ့်ညီနောင် ရခိုင် စစ်ဘေးရှောင်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ လူသားချင်းစာနာတဲ့အတွက် လှူခဲ့တာပါ။” ဟု မောင်ဇင်မင်းထွန်းကပြောသည်။

၎င်းကျောင်းသားများမှာ စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသားများဖြစ်ပြီး စုပေါင်းလှူဒါန်းခဲ့ခြင်းအပေါ် စစ်တွေတက္ကသိုလ်ကျောင်းသားများမှ လက်ခံသဖြင့် ဝမ်းသာမိကြောင်း သူကဆက်ပြောသည်။

၎င်းမူဆလင်ကျောင်းသားမှာမှာ ၂ဝ၁၂ ခုနစ် ပဋိပက္ခကြောင့် ကျောင်းကို အဝေးသင်ပြောင်းတက်ခဲ့ရသူများ ဖြစ်ကြောင်း မောင်ဇော်မင်းထွန်းက ဆက်ပြောသည်။

Most read this week

August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...
August 25, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ...